Saturday, June 9, 2012

ကားမော်ဒယ် လောကရဲ့ ဘုရင်မ

ကားမော်ဒယ် လောကရဲ့ ဘုရင်မ


ကားမော်ဒယ် လောကရဲ့ ဘုရင်မအမည်ရင်း           ဟွမ်မင်အီ
မွေးနေ့                ဖေဖော်ဝါရီ ၁၅၊ ၁၉၈၂
အရပ်                  ၁၇၄ စင်တီမီတာ (ငါးပေရှစ်လက်မ)
ကိုယ်အလေးချိန်     ၅၁ ကီလိုဂရမ်
ကိုယ်အတိုင်းအထွာ ၃၅-၂၄-၃၅
နာမည်ပြောင်         HMH
အကြိုက်ဆုံးကား     Porsche and the Bentley

တချို့က ကိုရီးယား ဘာသာစကားကို စတင်လေ့လာဖြစ်တာ သူ့ကြောင့်လို့ လက်ညှိုးထိုးပြပါတယ်။ တချို့ကတော့လည်း သူဟာ ကျွန်တော်၊ ကျွန်မရဲ့ ထာဝရ အသည်းစွဲ လို့လည်း ဆိုကြပါတယ်။
တချို့ကျတော့လည်း လောကကြီးမှာ မိန်းမအတွက်နဲ့ ဓား၊ တုတ်ဆွဲရမယ်ဆိုရင် အဲဒီမိန်းမဟာ သူပဲလို့ပဲ ဆိုပါတယ်။ ဘယ်သူလဲဆိုတော့ ကိုရီးယား ကားမော်ဒယ်လောကမှာ နံပါတ်တစ် နေရာကို အချိန်အကြာဆုံး ပိုင်ဆိုင်ထားတဲ့ ဟွမ်မင်အီပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပျိုမေ အတော်များများရဲ့ အကြိုက်နှစ်သက်ဆုံး ကိုရီးယား လှပျိုဖြူထဲမှာ တစ်ယောက် အပါအဝင်ပဲ ဖြစ်ပါတယ်။ ချစ်စဖွယ်အလှနဲ့ ညှို့အားပြင်း စတိုင်လ်ကို ပေါင်းစပ် ဖွဲ့စည်းထားတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ကားဘုရင်မ

Race Queen.. ဒီစကားလုံးကို စသုံးတဲ့သူကတော့ ၁၉၆၀ ခုနှစ်လောက်တုန်းက မော်ဒယ် ရိုဆာအိုဂါဝါပဲ ဖြစ်ပါတယ်။ အရင့်အရင်တုန်းက ကားပြပွဲတွေမှာ အလှပြတဲ့ မော်ဒယ်တွေဟာ အိမ်ထောင်ရှင်မတွေ၊ ကားဒရိုင်ဘာရဲ့ ရည်းစားတွေ၊ ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ ကားမော်ဒယ် အလှပြတဲ့သူတွေရဲ့ တရားဝင် အလုပ်ကတော့ ထီးတစ်လက်ဆောင်းပြီး ကားဘေးမှာ မလုံ့တလုံ အဝတ်အစား (မီနီစကပ်၊ ဘောင်းဘီတို) ဝတ်ပြီး ဒေါက်ဖိနပ်စီးကာ ကားနဲ့အတူ အလှပြိုင်ရတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် သူတို့ထဲက နာမည်ကျော် ထင်ရှားလာတဲ့ သူတွေတောင်မှ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို အရေးအရာလုပ်ပြီး ဖော်ပြ၊ သိမ်းဆည်းထားခြင်း မရှိကြပါဘူး။ ဒါပေမဲ့ ဂျပန်မှာတော့ သူတို့ကို အလေးပေးလာကြပါတယ်။ အခုအချိန်မှာ ကားအလှပြ မော်ဒယ် တစ်ယောက်ရဲ့ အသက်ဟာ ဆယ်ကျော်သက်နဲ့ နှစ်ဆယ်စွန်းစကြား အရွယ်တွေကို ရွေးချယ်လာကြပါတယ်။
သူတို့ထဲက နာမည်ကြီး အောင်မြင်လာတဲ့ သူတွေဟာ မော်ဒယ်လိုင်း၊ မော်ဒယ်လိုင်းကနေ တစ်ဆင့် သရုပ်ဆောင်လိုင်းကို ကူးသွားကြပါတယ်။ ကိုရီးယား မှာတော့ Race Queen အစား Racing Model လို့ သုံးနှုန်းကြပါတယ်။ ထိုင်းမှာတော့ Pretties လို့ သုံးနှုန်းကြပါတယ်။ မော်ဒယ်ရဲ့ အတွေ့အကြုံ အလိုက် လိုက်ဖက်တဲ့ ပွဲတွေမှာ အလှပြဖို့ ကုမ္ပဏီက စီစဉ်ပေးပါတယ်။ တောင်ကိုရီးယားက ကားထုတ်လုပ်တဲ့ ဟွန်ဒိုင်းနဲ့ ကီယာကုမ္ပဏီ ကတော့ နောင်နှစ်ကျရင် ကားပြပွဲ လုပ်တဲ့အခါ ကားမော်ဒယ်တွေကို လျှော့သွားမယ့်အကြောင်း ပြောကြားထားပါတယ်။
အကြောင်းကတော့ ပြပွဲလာ ပရိသတ်တွေဟာ ကားထက် လူကိုပဲ ပိုပြီး အာရုံစိုက်နေကြလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစကားဟာ ကိုရီးယားရဲ့ ကားဧကရီမဖြစ်တဲ့ ဟွမ်မင်အီကိုတော့ တုန်လှုပ်စေနိုင်စွမ်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်အီဟာ နှစ်နှစ်ဆက်တိုက် racing model  ဆုရထားသူ တစ်ယောက်ဖြစ်ပြီး လက်ရှိလည်း လူကြိုက်အများဆုံး စတားတစ်ယောက် ဖြစ်နေလို့ပါ။
သူ့ကို ၂၀၀၇ ခုနှစ် ဆိုးလ်မြို့တော်ရဲ့ Meteor Show ပွဲမှာ ပရိသတ်က စတင် သတိထားမိခဲ့ပြီး အခုအချိန်မှာတော့ ကိုကို၊ ပျိုပျိုတွေရဲ့ အသည်းစွဲ မော်ဒယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုဆို အသက် ၂၈ နှစ်ထဲ ဝင်လာပေမယ့် ၁၈ နှစ် ကလေးလိုပဲ ပရိသတ်က ထင်နေကြတုန်းပါပဲ။ မင်အီဟာ ကားမော်ဒယ်နဲ့ အားကစား ကုန်ပစ္စည်းဆိုင်ရာတွေမှာ မော်ဒယ်အဖြစ် ရိုက်ကူးထားပါတယ်။
warcraft, window7, samsung ကုန်ပစ္စည်းနဲ့ ဂိမ်းတွေမှာလည်း မင်အီမော်ဒယ်အဖြစ် ကြော်ငြာထားပါတယ်။ ဖက်ရှင်နဲ့ မဂ္ဂဇင်းတွေမှာလည်း မော်ဒယ်အဖြစ် လုပ်ချင်တယ်လို့ ပြောထားပါတယ်။ အင်္ဂလိပ်စကားလည်း ပြောတတ်ပြီး သိပ်မကြာခင်မှာပဲ ကိုရီးယားနဲ့ နိုင်ငံတကာမှာ အကျော်ကြားဆုံး စတားတစ်ယောက် ဖြစ်လာမယ်လို့ ဝေဖန်ထားကြပါတယ်။ ဟွမ်မင်အီဟာ ၂၀၁၁ ခုနှစ်က ပထမရခဲ့တဲ့ အကောင်းဆုံးကား အလှမယ်ဆုရ ကင်ဟာယူကို ဒီနှစ်မှာ အပြတ် အနိုင်ရသွားခဲ့ပါတယ်။ မနှစ်က ကားမော်ဒယ်ဆုကို ဟွမ်မင်အီနဲ့ ကင်ဟာယူတို့က ပူးတွဲ ရရှိထားပါတယ်။
အကြိုက်ဆုံး

ဝါသနာကတော့ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ စာဖတ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ သူ့ရဲ့ အကြိုက်ဆုံး အနုပညာရှင်ကတော့ အဆိုတော် ရိန်းပဲ ဖြစ်ပါတယ်။ မင်အီဟာ Text message ပို့ရတာကိုလည်း နှစ်သက်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ဆောင်ပုဒ်ကတော့ “Practice makes Perfect” တဲ့။ ကိုရီးယားရဲ့ လက်ရှိ အနေအထားဟာ တခြားဒေသတွင်း နိုင်ငံတွေထက် သိသာထင်ရှားစွာ တိုးတက်မှု ရရှိနေပြီ ဖြစ်ပါတယ်။
ဒီလို တိုးတက်မှုရှိရခြင်း အကြောင်းရင်းတွေထဲမှာ ကိုရီးယားရဲ့ ဂီတ၊ ရုပ်ရှင်တို့ ပျံ့နှံ့မှုကြောင့်လည်း အပါအဝင် ဖြစ်တယ်လို့ အီကော်နော်မစ်က ဆောင်းပါးရှင်က ဆိုထားပါတယ်။ အဆုံးမှာတော့ နိုင်ငံ တစ်နိုင်ငံရဲ့ ကြွယ်ဝမှု၊ တိုးတက်မှုတို့ဟာ မုဒိတာ ပွားစရာလည်း ဖြစ်သလို ကိုယ်ကိုယ်တိုင်ကလည်း အလားတူ ဖြစ်စေဖို့ ကြိုးစားကြမှသာ ခေတ်နှင့်အညီ နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်မှာ ဖြစ်ပါတယ်။
ရင်ပေါင်တန်းတဲ့ အခါမှာလည်း သူ့ယဉ်ကျေးမှု၊ ကိုယ့်ယဉ်ကျေးမှုရှိတဲ့ နေရာမှာ မရောယှက်ကြစေဖို့၊ အတုယူ မမှားကြစေဖို့ လိုပါတယ်။ခေတ်မီတာနဲ့ သရုပ်ပျက်တာကို ကွဲလွဲစွာ သိရှိနိုင်ကြဖို့ လိုအပ်ကြောင်း မြွက်ဟရင်း ဒီတစ်ပတ် ဟွမ်မင်အီ ပရိသတ်များ အားလုံး ကျန်းခန့်သာစေ လန်းဆန်းဖြာဝေကြစေသား....

No comments:

Post a Comment