Friday, June 8, 2012

ဖိုးချစ်

နိုင်ငံခြားခရီးက ဇာတိမြို့မှာ သွားခဲ့တာ လောက် ရင်ခုန်ဖို့ မကောင်းဘူး ဖိုးချစ်


နိုင်ငံခြားခရီးက ဇာတိမြို့မှာ သွားခဲ့တာလောက် ရင်ခုန်ဖို့ မကောင်းဘူး ဖိုးချစ်ကျွန်တော့်ရဲ့ မွေးရပ် ဇာတိမြို့က ရွှေဘိုခရိုင် အမှတ် ၂ ရပ်ကွက် ကပါ။  ကျွန်တော့်အနေနဲ့ ကန့်ဘလူမြို့မှာ နေပြီးတော့ အနုပညာအလုပ် လုပ်ဖို့ဆိုတာ အရမ်းခက်တာ။ ကျွန်တော်တို့ဆီမှာ ထမင်းတစ်လုပ် စားရဖို့အတွက် မရှားပါဘူး။ ဘယ်မှာပဲ တက်စား တက်စား ဟင်းတစ်ခွက်ဆိုတာက ကျွန်တော့်အတွက် သိပ်ပြီး အခက်အခဲ မရှိဘူး။ မြို့ကတော့ မြို့ပုံစံပေါ့။ နယ်ကတော့ နယ်ပုံစံပေါ့။ ဟေ့ ဘယ်က ဟင်းတစ်ခွက်လာတယ်ဟေ့ ရော့တစ်ခွက် ပေးကြတယ်။
သားငါးပေါ်တယ်ဆိုရင်လည်း ခုတ်ထစ်ပြီး မျှဝေကြပေါ့။ ရွာထဲကနေ တစ်ယောက်ပြန်လာတဲ့အခါ ချဉ်ပေါင်ရွက်တွေ အများကြီး ခူးလာတော့ ရော့ဟေ့ ချဉ်ပေါင်ရွက်တွေ ယူသွားဦးဆိုပြီး မျှဝေပေးကြတာပဲလေ။ အညာဓလေ့ပုံစံပေါ့ဗျာ။ မြို့ပြတွေမှာ တွေ့ရမှာ မဟုတ်ပါဘူး။ အရမ်းလွယ်ပါတယ်။ အမှန်အတိုင်းပြောရရင် အေးအေးချမ်းချမ်းလေးနဲ့ နေထိုင်ချင်တဲ့ ဘဝကိုပြောပါဆိုရင် အညာဓလေ့ကို နေထိုင်ချင်တာပေါ့။ ကျွန်တော် ငယ်ငယ်တုန်းကဆိုရင် ကန့်ဘလူမြို့က ကျဉ်းကျဉ်းလေးပါ။
အခုမှသာ အရမ်း စည်ကားသွားတာ။ အရင်တုန်းကတော့ တောသာသာလေးပါ။ ကတ္တရာလမ်းဆို တစ်လမ်းတည်း။ အထက်တန်းကျောင်းဆိုရင် တစ်ကျောင်းတည်း ရှိတယ်။ ကျွန်တော်တို့ ငယ်ဘဝမှာ သွားစရာဆိုလို့ သိပ်မရှိခဲ့ဘူး။ ရုပ်ရှင်ရုံလေးတစ်ရုံနဲ့ အဲဒီရှေ့မှာ မန်ကျည်းဖျော်ရည်တို့ အချဉ်ပေါင်းတို့ ရောင်းတဲ့ ဈေးတန်းလေးတစ်ခု ရှိတယ်။
ဘယ်လောက်ထိတောင် ခက်ခဲသလဲဆိုရင် မန်ကျည်းဖျော်ရည်သောက်ရင် အကြွေးသောက်ရတယ်။ အဲဒါလေးတွေက အခုဆိုရင် အမှတ်တရပေါ့။ နောက်ပြီး ပုဆိုးဝတ်တတ်စ အရွယ်ဆိုတော့ ပုဆိုးတရွတ်တိုက်နဲ့ သူငယ်ချင်းတွေစုပြီး မန်ကျည်းဖျော်ရည်သောက်၊ လေကန်တာပေါ့ဗျာ။ အဲဒီ သွားစရာလာစရာတွေက အခု ကျွန်တော်ဖိုးချစ်ဆိုတဲ့ဘဝမှာ နိုင်ငံခြားခရီးစဉ်တွေ သွားစရာလေးတွေက ကျွန်တော့်ရဲ့ ကန့်ဘလူမြို့မှာ သွားခဲ့တယ်။ ငယ်ဘဝခရီးစဉ်လေးတွေလို ရင်ခုန်နိုင်စွမ်း မရှိပါဘူး။ ငယ်ဘဝကို ပြန်တွေးမိစရာတွေ အများကြီးပေါ့။

ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့စုပြီး ညနေရောက်တာနဲ့ ရုပ်ရှင်ရုံနားမှာ လမ်းလျှောက်ကြတာတွေ၊ မန်ကျည်းဖျော်ရည် သောက်ခဲ့ကြတာတွေကတော့ မေ့လို့ မရပါဘူးဗျာ။ မင်းသားလုပ်မယ်လို့ ရည်ရွယ်ချက် မရှိသော်ငြားလည်း ငယ်ငယ်တုန်းက ကျောင်းကပွဲတွေဆိုရင် မကဖူးတာ မရှိပါဘူး။ ဖေဖေတို့ရဲ့ကျွန်းရွှေဝါ သစ်တောထုတ်လုပ်ရေးဌာနရဲ့ သင်္ကြန်၊ ကထိန်၊ အလှူပွဲတွေမှာ ဟီးနိုးကားကြီးအပေါ် ပျဉ်ပြားတွေခင်း၊ တီးဝိုင်းနဲ့အတူ ကခဲ့ရတာပေါ့။ ကားက သွားနေရင်းနဲ့ ကခဲ့ရတာတွေ၊ လူများတဲ့ နေရာမှာ ခဏရပ်ပါဆိုပြီး ကခဲ့ရတာတွေရယ် ကိုယ့်မြို့သူ မြို့သားတွေ အချင်းချင်း အားပေးခဲ့ကြတာတွေက အမှတ်ရစရာချည်းပါပဲ။
နောက်တစ်ခု မှတ်မှတ်ရရဆိုရင် ၂၃ မိုင် မာရသွန် မြို့ ၁၅ ပတ်ပြေးတဲ့ ပြိုင်ပွဲတွေ၊ လမ်းကလည်း ကျောက်ခင်းလမ်းပေါ်မှာ ဖိနပ်မပါဘဲ ကျွန်တော်ပြေးခဲ့ရတာ။ အဲဒီတုန်းက မဝယ်နိုင်ခဲ့ဘူးလေ။ ဖိနပ်မပါဘဲ ပြေးခဲ့တာ အဲဒီမာရသွန်ပွဲမှာ ပထမရတဲ့အတွက် အရမ်းဝမ်းသာ ကြည်နူးခဲ့ရတယ်။ နောက်တစ်နေ့ကတော့ ကျောင်းကိုလမ်းလျှောက်ပြီး မသွားနိုင်ဘဲ ကျွန်တော့်အမေက ကုန်းပိုးပြီး စာသင်ခုံအထိ လိုက်ပို့ပေးခဲ့တာတွေ ကျွန်တော့်ဘဝရဲ့ အမှတ်တရတစ်ခုပါ။

နောက်တစ်ခုက ကျွန်တော့်အမေ ဆေးရုံပေါ်မှာ တစ်လလောက်နေပြီး ဆုံးသွားတဲ့အချိန်၊ ကျွန်တော့်ဘဝမှာ ရုပ်ရှင်ရိုက်ထားသလို ဘယ်လိုမှ မေ့မရနိုင်တဲ့ မြင်ကွင်းလေးပါ။ သေတယ်ဆိုတာကလည်း ပထမဆုံး မြင်ခဲ့ရတဲ့ မြင်ကွင်းဆိုတော့ ကျွန်တော့်ဘဝမှာ ဘယ်လိုမှ မေ့လို့မရတဲ့ အမှတ်တရတစ်ခုပါ။ မွေးရပ်ဇာတိနဲ့ပြောရင် ဘယ်လိုမှ မေ့လို့မရတာတွေ အများကြီးပါ။ ကျွန်တော့် အမေက ထမင်းသည်။ ကျွန်တော်က ဈေးကူရောင်းတယ်ဗျာ။ ဘူတာရုံမှာ ရထားသံကြားတာနဲ့အမေက ဈေးရောင်းဖို့ ပြင်ဆင်နေပြီ။
အဲဒီတုန်းက အင်ဖက်ပေါ်မှာ ထမင်းထုပ်တာပေါ့။ ထမင်းတစ်ထုပ်ကို တစ်ဆယ်ဗျာ။ ကျွန်တော်ထမင်းထုပ် ၂၀၀ လောက်ကို တစ်နေ့ရအောင် ရောင်းတယ်။ အဖေနဲ့အမေက မခိုင်းပေမယ့် ကျွန်တော်စီးချင်တဲ့ စက်ဘီးလေးကို ဈေးရောင်းပြီး ဝယ်စီးတယ်။ ဈေးရောင်းပြီးတာနဲ့ ကျောင်းသွားပေါ့။ ထမင်းရောင်းခဲ့တာဆိုတော့ ဟင်းကောင်းတော့ နေတိုင်း စားခဲ့ရတယ်။ ညတိုင်း အထူးအမြန်ရထားကြီး ဝင်ပြီး ဈေးရောင်းပြီးမှ အိမ်ပြန်ခဲ့ရတာပေါ့။ ဖေဖေကတော့ ဝန်ထမ်းတစ်ဦးပေါ့။ ဒါတွေကတော့ ကျွန်တော့်ဘဝမှာ မေ့လို့ မရခဲ့တာတွေပေါ့။
အမှန်တော့ ကိုယ့်ရဲ့ မွေးရပ်ဇာတိကိုတော့ မမေ့သင့်ဘူး။ မြို့မှာ မွေးမွေး၊ တောမှာမွေးမွေး အမှန်အတိုင်းပြောရရင် တောက မြန်မာပိုဆန်တယ်လို့ ပြောချင်တယ်။ အခုအချိန်ထိ မြန်မာဓလေ့က မန္တလေးမှာ နည်းနည်းပဲ ကျန်တော့တယ်။ ရန်ကုန်မှာတော့ သိပ်မရှိသလောက်ပေါ့။ ကျွန်တော့်အညာမှာတော့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက် ကျန်သေးတယ်။ အညာကို ပြန်သွားရင် ပျော်တယ်။
အဲဒီဓလေ့လေးတွေကို မပျက်စေချင်ဘူး။ ထိန်းသိမ်းစေချင်တယ်။ နောက်ပြီး နယ်ကတက်လာပြီး အောင်မြင်တဲ့ အနုပညာရှင်တွေကိုလည်း ကိုယ့်ရဲ့မွေးရပ်ဇာတိကို တိုးတက်အောင် ပြန်ကြည့်စေချင်တယ်။ အညာမှာမွေးတာ ရှက်စရာမဟုတ်ဘူး။ ဆင်းရဲတာ ရှက်စရာမဟုတ်ဘူး။ မိုးပျံပူဖောင်းက မိုးပေါ်တက်နိုင်တာက ပူဖောင်းရဲ့ အရှိန်ကြောင့် မဟုတ်ဘူး။ အထဲမှာပါတဲ့ ဓာတ်ငွေ့ကြောင့်ပါ။ အဲဒီလိုပဲ အောင်မြင်အောင် ကြိုးစားတဲ့စိတ်က အဓိကပါ။ ဘဝ မမေ့ဖို့ အကြံပြုချင်တယ်။

No comments:

Post a Comment