Thursday, March 15, 2012

ခြင်ထောင်---ရေးပေးဦးမယ်ဟု တဖွဖွ ပြောခဲ့သောဝတ္ထုတို ဆရာမာန်မြင့်

ဝတ္ထုအသစ် ရေးပေးဦးမယ်ဟု တဖွဖွ ပြောခဲ့သော မြန်မာ ၀တ္ထုတို ဆရာမာန်မြင့်(၁၉၄၉-၂၀၁၀) သည် စင်ကာပူ နိုင်ငံသို့ သွားရောက်၍ ဆေးကုသမှု ခံယူ နေခဲ့ရာမှ (၂၁-၃-၂၀၁၀) ရက်နေ့တွင် ကွယ်လွန် ခဲ့ရှာပြီ ဖြစ်ပါသည်။

ဆရာသည် မြန်မာပြည်မှာ လုပ်သည်၊ ပလေတိုး၏ ဂန္ထ၀င်သာ လိကာ၊ ကောင်းပါ့ဗျား စသည့် သရော် ငွေ့ငွေ့ပါသော ၀တ္ထုတို အနည်းငယ်နှင့်ပင် မြန်မာ ၀တ္ထုတို ဆရာတစ်ဦး အဖြစ် အောင်မြင် ကျော်ကြားခဲ့ပါသည်။
“ခြင်ထောင်” ၀တ္ထုတိုကလေးသည် ၃၆ နှစ်တာ ကာလကို ဖြတ်သန်းလွန် မြောက်ခဲ့ပြီ ဖြစ်သော်လည်း ချစ်ခြင်း မေတ္တာ၊ လူ့သဘာဝနှင့် ဘ၀ အမောတို့ကို သရော် ငွေ့ငွေ့ ဖြင့် ဖန်တီး ထုဆစ် ထားသည်မှာ ချစ်စရာ၊လွမ်းစရာ၊ နှစ်သက် ကျေနပ်စရာ ခံစားမှုတို့ကိုပေး နိုင်ဆဲ ဖြစ်ပါ၍ ဆရာ့အား ချစ်ခင် လွမ်းဆွတ်စွာဖြင့် ပေဖူးလွှာ အယ်ဒီတာ အဖွဲ့က ထပ်မံ ပုံနှိပ် ဖော်ပြ လိုက်ပါသည်။

ကိုယ့်အလုပ်အကိုင်၊ ကိုယ့်အိုး အိမ်၊ကိုယ့် အိမ်ထောင်နှင့် ဖြစ်လာမှတော့ ခြင်ထောင်တစ်လုံး အပို ရှိထားသင့်သည်။
သို့သော် အလုပ်အကိုင်နှင့် ဖြစ်ခဲ့သည်မှာ သုံးနှစ်ကျော်၊ မိန်းမ ရသည်မှာ နှစ်နှစ်ကျော်၊ ကလေး တစ်ယောက် အဖေ ဖြစ်ခဲ့သည်မှာ တစ်နှစ်ကျော် ရှိလာခဲ့ သည့်တိုင် မောင်စိုးမိုးမှာ ခြင်ထောင် တစ်လုံး အပိုဆောင်၍ မထားနိုင်သေးပေ။ ဤသို့ ပြောသောကြောင့် လူကြား ကောင်းအောင် ဆင်းရဲ ဟန်ဆောင်သည်ဟု ထင်ပြီး ရယ်သူတို့က ရယ်ကြပေမည်။ အဘယ် အကြောင်းတို့ကြောင့် ခြင်ထောင်တစ်လုံး အပို မထားနိုင်ကြကြောင်းကို ရှင်းလင်း ပြရပေဦးမည်။

မောင်စိုးမိုးသည် လခ အတော်အတန် ရသော အစိုးရ အမှုထမ်းတစ်ဦး ဖြစ်သည်။သို့သော် သူ့လခလေးထဲမှ သုံးပုံတစ်ပုံ ကျော်ကျော်သည် ညီဖြစ်သူ၏ တက္ကသိုလ် ကျောင်းစရိတ် ဖြစ်သွားသည်။ အလုပ်ရလျှင် မိန်းမစောစော မယူသေးဘဲ ညီဖြစ်သူအား ဘွဲ့ရသည် အထိ ကျောင်းထား ပေးပါ့မည်ဟု အလကား ပါးစပ် အငြိမ်မနေဘဲ ကတိ ပေးထားခဲ့မိသကိုး။ သို့သော် အလုပ်ထဲ ရောက်၍ တစ်နှစ် အကြာတွင် မချောစုကို လက်ထပ် ယူလိုက်ခြင်းပင် ပြောထားသော စကားတစ်ဝက်ကို ဖျက်လိုက်ရာ ကျသွားလေသည်။

ထိုချိုး ဖောက်မိသော အပြစ်ကို ကာမိစေရန် ကျောင်းစရိတ်ကို လစဉ်မှန်မှန် ပို့ပေးခြင်းအားဖြင့် ပြောစမှတ်ကြီး ဖြစ်နေမည့် ရာဇ၀င် အမည်းစက်ကို ဆေးဖြူသုတ်ရာ ရောက်သည် မဟုတ်လော။ စားကုန်ဈေးနှုန်းများ တစ်စစ ကြီးမြင့်လာသော အချိန် ကာလတွင် မောင်စိုးမိုး၏ ကျန်ရှိသော လစာသုံး ပုံနှစ်ပုံသည် မည်မျှအသုံးချွေတာသည် ဆိုစေကာမူ စားသောက်ကုန် ၀ယ်ယူရသည်နှင့်ပင် ကုန်သလောက် ဖြစ်သွားလေပြီ။ ကျန်ငွေကလေးများမှာ ဆေးပေါ့လိပ်ဖိုး၊ လက်ဖက်ရည် အချိုဖိုး၊ ၀တ္ထုစာအုပ်ဖိုး စသည့် အသေးသုံးလေးများ ဖြစ်သွားသည်။


ဘယ်ကလာ ငွေပိုပါ့မလဲ။ လက်ဖက်ရည် အချိုသောက်တာ ကိုးဟူ၍ စောဒက မတက် ကြစေလိုပါ။ မောင်စိုးမိုးသည် လက်ဖက်ရည် အချိုကလေးကိုမှ မသောက်ဘဲ ခြိုးခြံရမည် ဆိုပါလျှင် သူ၏ အင်ဂျင်နီယာ ဆိုသော ပညာကြီးကို ပြက်ရယ်ပြုရာ ကျပေလိမ့်မည်။ ထို့ကြောင့် ဦးနှောက်ကို ပူဇော်သော အားဖြင့် ရုံးသက်သာ ချောင်ချိရေး ဆိုင်မှ တစ်မတ်တန် လက်ဖက်ရည်ကို သောက်ရခြင်း ဖြစ်ပါသည်။

ပိုဆိုးသည်မှာ မြစ်ကြီး နားမြို့လို တစ်ပါး မြို့များထက် ဈေးကြီးတတ်သော ဒေသတွင် အစိုးရ အမှုထမ်း လာဖြစ်ရခြင်း ဖြစ်လေသည်။ မြစ်ကြီးနားသည် ရေလမ်း၊ ကားလမ်းအမည်ခံသာရှိပြီး တွင်တွင်ကျယ်ကျယ် အသုံး မပြုနိုင်။ တစ်ခုတည်းသော အားထားရာ မီးရထားကလည်း အချိန်မမှန်။ သည်ကြားထဲက ကြက်တစ်ပိဿာဆယ့်ခြောက်ကျပ် ဆိုသည်လည်းရော့ ခရမ်းချဉ်သီး တစ်ပိဿာ ဆယ့်ငါးကျပ် ဆိုသည်လည်း ပေးဆိုပြီး အလွယ်တကူ ၀ယ်နိုင်စွမ်း ရှိသည့် ကျောက်စိမ်း အရောင်းအ၀ယ် သမားများလို ကျောက်ခဲဖြစ်မှ ငွေဖြစ်နေ သူများနှင့် ယှဉ်ပြိုင်ဝယ်ယူ စားသောက်နေရသော အခါ မောင်စိုးမိုး၏လခလေးမှာ သူ့ ဆရာ၏ မျက်နှာကို ကြည့်၍ လှိုက်ဖိုလှိုက်ဖို ဖြစ်နေရှာတော့သည်။


ကဲ ဒီလိုဆိုတော့ မောင်စိုးမိုး၏ အိမ်၌ ရှိနေသော အိမ်ထောင်သုံး ပစ္စည်းများကို ကြည့်မည်ဆိုလျှင် ဘယ်လို နည်းနှင့်မျှ ပြည့်စုံနေပါပြီဟု ပြောနိုင်လိမ့်မည် မဟုတ်ပေ။ ဘယ်လိုလုပ် ပြည့်စုံပါမည် နည်း။ အိမ်ထောင်ကျပြီး ၀ယ် ထားသည့် ပစ္စည်းဟူ၍ မည်မည်ရရ ပြောလိုက်စရာ ဘာမှ မရှိသေး။
သမ၀ါယမ ဆိုင်ခွဲတမ်းကလည်း တစ်လ တစ်လလျှင် မွှေးဆပ်ပြာ တစ်ခဲ၊ ဆပ်ပြာခဲ တစ်တောင့်၊ ဆန်တစ်ယောက် နှစ်ပြည်၊ အပ်ချည်လုံး တစ်လုံး စသဖြင့်သာ ပြီးပြီး သွားတတ်သည်။ မိန်းမရပြီး အသင်း ၀င်သည်မှာ နှစ်နှစ်ကျော်ခဲ့လေပြီ။ မှတ်မှတ်ရရ အိမ်သုံး ပစ္စည်းဟူ၍ သံပန်းကန်ပြား တစ်ချပ်နှင့် လက်ဖက်ရည် အချို ပန်းကန် တစ်စုံရခဲ့ဖူးသည်။ အချိုပန်းကန် တစ်စုံဆို၍ မောင်စိုးမိုး တော်တော်လေး ၀မ်းမြောက်သွားသည်။ အပြင်တွင် ဈေးကြီးလွန်း၍ မောင်စိုးမိုးတို့ အိမ်တွင် ဖန်ခွက် ထူကြီးများနှင့် သောက်နေရသည်မို့ လက်ဖက်ရည် အချိုပန်းကန် ရချင်နေသည်နှင့် အတော်ပင် ဖြစ်သွားသည်။ သို့သော် ဆိုင်သွား ထုတ်တော့ သူထင်သလို ငါးလုံးတစ်စုံ မဟုတ်ဘဲ အလုံးတစ်လုံး အပြား တစ်ချပ် တစ်စုံသာ ရခဲ့လေရာ မသုံးရက်တော့၍ ကြောင်အိမ်ထဲ ထည့်ပြီး အလှကြည့်နေလိုက်ရတော့သည်။

ထို့ကြောင့် တစ်အိမ်လုံးရှိ ပစ္စည်းများသည် မိဘပိုင် ပစ္စည်းများသာ များလေသည်။ အိုး၊ခွက်၊ ပန်းကန်၊ ဇွန်း၊ ချိုင့်၊ ဓား၊ ဓာတ်ဘူး၊ ခေါင်းအုံး၊ အိပ်ရာခင်း၊ ဖျာအားလုံးသည် သားသမီးတို့၏ မွေးရာပါ အခွင့်အရေး အရ တစ်ခုပြီး တစ်ခု ယူယူ လာခဲ့ခြင်းဖြင့် တစ်အိမ်ထောင် ဖြစ်နေရသည်။ မောင်စိုးမိုး၏ အမေကလည်း သားဖြစ်သူ၏ အိမ်သို့ ရောက်လာလျှင် သူပေးလိုက်သော ပစ္စည်းများချည်း တွေ့တွေ့နေရသောကြောင့် “အင်း သုံးနှစ်အတွင်း ငါ့သား ကိုယ်ပိုင် စုမိတာကတော့ ကလေး တစ်ယောက်ပဲ မည်မည်ရ ရရှိတယ်”ဟု မောင်စိုးမိုးအား ချီးကျူးနေပေသေးသည်။

မောင်စိုးမိုး၏ အမေပြောမည်ဆိုက ပြောစရာပင်၊ ယခု လက်ရှိ အသုံးပြုနေသော မောင်စိုးမိုးတို့ အိမ်၏ တစ်လုံးတည်းသော ခြင်ထောင်ကြီးမှာ မောင်စိုးမိုး အိမ်ထောင်ကျခါစတွင် သူ့ အမေ လှမ်းပို့ထားခြင်း ဖြစ်သည်။ ထိုခြင်ထောင်ကြီး မရောက် လာခင်ကမူ ကျောင်းသားဘ၀ထဲက သုံးလာခဲ့သော တစ်ယောက် အိပ်ခြင်ထောင်လေးနှင့်သာ မောင်စိုးမိုးတို့ လင်မယား အိပ်ကြရသည်။ ရလည်းရခါစ၊ ဆောင်းရာသီလည်း ဆောင်းရာသီ ဖြစ်နေ၍ တစ်ယောက်အိပ် ခြင်ထောင်ကလေးကပင် ပိုမိုအဆင်ပြေ စေ သေးသည်။

နောက်များ မကြာမီ နွေရာသီ ရောက်လာပြီး ရာသီဥတု ပူလာသည်။ မောင်စိုးမိုး၏ ဇနီးချောလေးပါ ရာသီဥတုနှင့် ထပ်တူ ဖြစ်သွားပြီး လင်မယား ခပ်ခွာခွလေး နေကြရသည်။ ပူအိုက်သော ရာသီတွင် ယခု အသုံးပြုဆဲဖြစ်သော နှစ်ယောက်အိပ်ခြင် ထောင်ကြီးကို မောင်စိုးမိုး၏ အမေက ချုပ်၍ ပို့လိုက်ခြင်း ဖြစ်သည်။မောင်စိုးမိုး အမေတို့ မြို့သမယ၀ါယမ ဆိုင်မှ ၀ယ်ခွင့် ရစဉ်က ပိတ်ပါ တစ်ခါတည်း ၀ယ်မရခဲ့လေ၍ ခြင်ထောင်ဇာကို အိုစာ မင်းစာ သိမ်းထားရစဉ် သားဖြစ်သူ အတွက် အသုံးလိုလာပြီ ဖြစ်သောကြောင့်သာ အိမ်ရှိ မသုံးတော့ပြီ ဖြစ်သော ပိတ်ခြင်ထောင် ဟောင်းကြီးမှ ဖြုတ်ယူ၍ ရသမျှ ပိတ်တို့ကို အမိုးနှင့် အနားဆွဲ ပိတ်အဖြစ် ကြံဖန် စပ်ဟပ်၍ ချုပ်လိုက်ရခြင်း ဖြစ်ပေသည်။

ထို့ကြောင့် နဂိုကပင် ယိသလိုလို ဖြစ်နေသော အနားဆွဲ ပိတ်များသည် မောင်စိုးမိုး သားတစ်ယောက် ရလာပြီး နှစ်ယောက် အိပ်ခြင်ထောင် ဘ၀မှ အနံအလျား ထူးခြား မပြောင်းလဲဘဲ သုံးယောက် အိပ်ခြင်ထောင်ကြီးဟု ရာထူး တစ်ဆင့် တက်လာရသည့် အခါတွင် အနည်းငယ် စုတ်တတ်လာသည်။

သို့သော် အထက်က တင်ပြခဲ့သော အကြောင်း အကြောင်းတို့ကြောင့်ပင် ခြင်ထောင် အသစ်တစ်လုံး မ၀ယ်နိုင်သေးရာ မောင်စိုးမိုးတို့ အိမ်၏ တစ်လုံးတည်း သော အတုမရှိ ခြင်ထောင်ကြီး ဟူသော ဂုဏ်ကို ဆက်လက် ထိန်းသိမ်း ထားဆဲပင် ဖြစ်သည်။ သို့သော် တစ်ခု ထူးခြား သည်ကား အရင်နှစ်များကလို ဆပ်ပြာမှုန့် ဖွေးဖွေးလေးများနှင့် ပွတ်၍ အလျှော် မခံရတော့ခြင်းပင် ဖြစ်သည်။ ယခု တလော၌ ခြင်ထောင်ကြီး ညစ်ပတ်သည့် အခါများတွင် ဆင်ချေးတုံး ဆပ်ပြာခဲ မည်းမည်းကြီးများနှင့် တအား ပွတ်တိုက်ပြီး အ၀တ်ဖွပ် တုတ်ဖြင့် နာနာ အဆော် ခံနေရသည်။ အိုကြီး အိုမ ဘ၀ရောက်မှ ကုသိုလ်ကံ မကောင်းဘဲကိုး။ ဆပ်ပြာရှား သည့်ကာလမှ ဘာကြောင့် ခြင်ထောင် လာဖြစ်သေးလဲ။

ခြင်ထောင် အပို မရှိခြင်းသည် ညအိပ်ဧည့်သည် လာလျှင် ပြဿနာ တစ်ခု ဖြစ်သည်။ ခြင်ထောင် ပါလာသော ဧည့်သည် ဆိုပါက တော်သေးသည်။ မြစ်ကြီးနားသည် ပူ အိုက်သောအရပ် မဟုတ်သော်လည်း ခြင်ကိုက်ခြင်း၌မူ အရည်အသွေး ညံ့လှသည် မဟုတ်။ထို့ကြောင့် ခြင်ထောင် မပါသော ဧည့်သည် ညအိပ် လာတည်းလျှင် အနီးအနား အိမ်များမှ ခြင်ထောင် ငှားရသည်။ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်နေလျှင်ကား မောင်စိုးမိုးသည် ခေါင်းမြီးခြုံ အိပ်တော့ ကွာဟု ရယ်စရာလိုလို ပြောရင်း တကယ်ပင် ခြင်ထောင် ငှားမပေးတော့။မောင်စိုးမိုး သဘော အကျဆုံးမှာ ၀ါသနာတူ မိတ်ဆွေ သူငယ်ချင်းများ ည အိပ်လာခြင်းပင် ဖြစ်သည်။ သူတို့နှင့် ဆိုပါက တစ်ညလုံး ထိုင်၍ စာပေ၀တ္ထု အကြောင်း၊ အနုပညာ အကြောင်းများကို တတ်သလောက် ဖတ်သလောက် နှီးနှော ဖလှယ်ပွဲ လုပ်လေ့ ရှိသောကြောင့် အိပ်ချိန် မရှိတော့ပေ။ လက်ဖက်ရည်ကြမ်းအိုးနှင့် ဆေးပေါ့လိပ်သာ များများ ၀ယ်ထားရန် လိုသည်။
ထို့ကြောင့် ညအိပ် ဧည့်သည်လာ၍ ခြင်ထောင်ငှား ငှားနေရတိုင်း ခြင်ထောင်အပို တစ်လုံးတော့ ၀ယ်ချုပ်ဦးမှ ဟူသော အတွေးကို လင်မယား နှစ်ယောက်စလုံး တွေးမိကြသည်။ သို့သော် ဧည့်သည်လည်း ပြန်သွား၊ ထိုအတွေးကလည်း ပြီးပြီးမေ့မေ့။

ဇာခြင်ထောင် တစ်လုံးကို ချုပ်နိုင်ဖို့ ဆိုသည်ကလည်း သိပ်ပြီး လွယ်လှသောကိစ္စ မဟုတ်။ ကိုယ့်ပိုက်ဆံနှင့် ကိုယ်တန်ရာ တန်ဖိုး ပေးဝယ်ရသည့်တိုင် ပစ္စည်း ၀ယ်ခွင့် ပြုသည်ကိုပင် အလကား နေရင်း ကိုယ့်ထမင်း ကိုယ်စားပြီး ကျေးဇူး တင်တင်နေရလေ့ ရှိသော သမ၀ါယမ ဆိုင်ဘက်သို့ မျှော်လင့် စောင့်စား နေခဲ့ရသည်မှာလည်း ကြာခဲ့လေပြီ။ ဟိုနိုင်ငံကျော် စာရေးဆရာကြီး၏ ၀တ္ထုတော်ကြီး တစ်ပုဒ်၌ ပါသော ရည်းစားစာကို မှီငြမ်းပြုပြီး အတီတေ ရှေးကာလ ဘယ်ဘ၀က စခဲ့ ရသည်လို့ စောင့်မျှော်ချက်ကို ရေတွက်လို့ မပြနိုင်သူကတော့ မောင်စိုးမိုးရယ်ပါဟုပင် စာဖွဲ့ လိုက်ချင်တော့သည်။
အပြင် ဈေးမှာတော့ ခြင်ထောင်ချုပ် ပြီးသားများလည်း အပုံလိုက်၊ အစများ ကလည်းအထပ်လိုက်။

သို့သော် ဈေးနှုန်းကမူ ခေါင်ခိုက်နေ သောကြောင့် မ၀ယ်ချင်ကလည်း နေ၍ ရသေးသော ခြင်ထောင် တစ်လုံးအတွက် ဤမျှထိ ငွေကုန်ခံရန် မတန် သေးဟု မောင်စိုးမိုး ယူဆထားသည်။ ထိုသို့သော အကြောင်းများကြောင့် အငယ်တန်း အရာရှိလေးတစ်ဦးဖြစ်သော မောင်စိုးမိုးတွင် ခြင်ထောင် တစ်လုံး အပိုမရှိသေး။
မောင်စိုးမိုးကလည်း ထမင်းလေးနပ်မှန်အောင် စားရပြီး ၀တ္ထု စာအုပ်လေးများ ဖတ်နေရလျှင် ကျေနပ်နေပြီ။ မောင်စိုးမိုး၏ ဇနီး မချောစုကလည်း ၀မ်းတူဟူး၊ ဇီးသီးပေါင်း၊ ကြံ စသည့် သွားရေစာများကိုသာ မြုံ့နေရလျှင် တပြုံးပြုံး ဖြစ်နေပြီ။

သို့သော် ကိုယ့်အိုးကိုယ့် အိမ်နှင့် ဖြစ်လာမှတော့ အလိုက်ကမ်းဆိုး မသိသော ဧည့်သည်များ လာလျှင် အထင် မသေးရလေအောင် ခြင်ထောင် အပိုတစ်လုံးတော့ ရှိသင့်သည် ဟူသည်ကိုကား ကန့်ကွက်မဲ မရှိ ထောက်ခံမဲ ရာနှုန်းပြည့်ဖြင့် အတည်ပြု ထားကြပါသည်။ မောင်စိုးမိုး နေထိုင်သော အကွက်အတွက် သမ၀ါယမ ခွဲတမ်းကို ကိုင်သောအကွက် မှူးမှာ ဦးမြဖေ ဖြစ်သည်။ မောင်စိုးမိုးတို့ ရုံးမှ စာရေးကြီး တစ်ဦးဖြစ်၍ ခင်မင် ရင်းနှီးသူ တစ်ဦး ဖြစ်ပါသည်။ လူတိုင်းနှင့် အဆင်ပြေအောင် ပေါင်းသင်း ဆက်ဆံတတ်သူ တစ်ဦး ဖြစ်သောကြောင့် မောင်စိုးမိုးနှင့် ပြောမနာ ဆိုမနာ။ ပြီးတော့ သူတောင်းသော အကူအညီ များကို မောင်စိုးမိုး လုပ်ပေးခဲ့ရပေါင်းလည်း များလှပေပြီ။ထို့ကြောင့် ဦးမြဖေ၏ အိမ်၌ စစ်တုရင် ထိုးရင်း
“သည်တစ်ခါ ခွဲတမ်းမှာ ခြင်ထောင်ဇာ ပါရင်တော့ ကျွန်တော့်ကို ထည့်ပြီး စဉ်းစား ပါဦးဗျာ။ ဧည့်သည်လာရင် ခြင်ထောင် ပေးစရာ မရှိတော့ ရုပ်ပျက်လွန်းလို့၊ ၊အိမ်က ခြင်ထောင်လဲ စုတ်နေပြီဗျ”

“ဟာ ခင်ဗျားတို့ အင်ဂျင် နီယာတွေပဲဟာ ငွေပေါသားပဲ၊ အပြင်က ၀ယ်ဗျာ”

“အပြင်က ၀ယ်နိုင်မှတော့ ခင်ဗျားကို လာပြီး မျက်နှာငယ် ခံပြောနေပါ့ လားဗျ။ ခင်ဗျား မယုံရင် အိမ်လာကြည့်ဗျာ။ တခြား အကွက်မှူးတွေနဲ့ကို မတူဘူး။ ခင်ဗျားလို အကွက်မှူးနဲ့ ခင်ရတာ နစ်နာတယ်ဗျာ။ တစ်ခါမှ ပစ္စည်း ကောင်းကောင်းလေးတွေ မရဖူးဘူး”

“ဟဲ ဟဲ ခင်မင် ရင်းနှီးတဲ့ လူက ခွဲတမ်း မပါလည်း ကိစ္စ မရှိဘူးဗျ။ သူတစိမ်း ဆိုရင် လာ ပြီးချဲမှာ ဆိုတော့”

သူ ဘာကြောင့် အပြင်မှ ခြင်ထောင် မ၀ယ်သည်ကို မောင်စိုးမိုးက အကြောင်းစုံ ရှင်းပြလိုက်သည်။ နောက်ဆုံး ၌မူ ဦးမြဖေထံမှ
“အေးပါဗျာ၊ ခင်ဗျားက တကယ် လိုအပ်နေတဲ့ ဥစ္စာပဲ။ ဒီတစ်ခါ ခွဲတမ်းမှာ ပါလာရင် ခင်ဗျားကို ဦးစားပေးပြီး ခွဲတမ်း ချမယ်”ဟူသော ကတိစကား ကို ရလေသည်။ ထိုနေ့က မောင်စိုးမိုးသည် စစ်တုရင်ကို မသိမသာ အလျှော့ပေး၍ ထိုးလိုက်သည်။ အမြဲတမ်း ရှုံးနေကျဖြစ်သော ဦးမြဖေသည် မောင်စိုးမိုးအား မနိုင်စဖူး နှစ်ပွဲဆက် နိုင်လိုက် ၍ တော်တော် သဘောကျသွား သည်။ ပွဲပြီး၍ အိမ်ပြန်ခါနီး မောင်စိုးမိုးက
“ဦးမြဖေ၊ ခွဲတမ်းကျရင် မေ့နေဦးမယ်”ဟု သတိပေး သည် ကိုပင်
“စိတ်ချစမ်းပါ” ဟု ပြန်ဖြေလေသေး၏။၏


အိမ်ပြန်ရောက်သော အခါ မည်သည့်အကြောင်း လေးဖြစ်ဖြစ်၊ မိန်းမကို ပြော မပြရလျှင် နေမထိထိုင်မသာ ဖြစ်တတ်သော မောင်စိုးမိုး သည် မချောစုအား
“မိန်းမရေ၊ တို့တော့ ခြင်ထောင် အသစ်တစ်လုံး ရတော့မယ်ဟေ့” ဟု ကြွားမိသေးသည်။
မချောစုကမူ
“လာမယ် ကြာမယ်ဆိုတာ ကြီးထဲကများလား အစ်ကိုရယ်”ဟု ခွန်းတုံ့ ပြန်လိုက်သည်။

ခွဲတမ်းစာရွက်များ ဝေငှ နေပြီဟူသော သတင်းကို ကြားရသော အခါ ခြင်ထောင်ဇာ ရတော့မည် ဟူသော သေချာပေါက် ထင်လုံးကြီးဖြင့် ဦးမြဖေ၏ နေအိမ်သို့ မောင်စိုးမိုးတစ် ယောက်ပြုံးပြုံးကြီး ရောက်သွားခဲ့ပါသည်။ ဦးမြဖေပေးသော ခွဲတမ်းစာရွက်လေးပေါ်မှ ခြင်ထောင်စဟူသော စာလုံး လေးသည်မောင်စိုးမိုး၏ မျက်နှာကို ဆလိုက်မီးလုံး ရာထောင်စု၍ ထိုးလိုက်သကဲ့သို့ ၀င်းပ သွားစေသည်။ မောင်စိုးမိုးသည် ထိုစာရွက်ကလေးအား အမြတ်တနိုး ခေါက်ပြီး အင်္ကျီအိတ်ထဲ ယုယုယယ ထည့်လိုက်သည်။

ထိုစဉ် ဦးမြဖေ၏ အိမ်ထဲသို့ အရပ်ပုပု၊ အသားညိုညိုနှင့် ဒေါင်လွန်းဆိုသော ကချင်အမျိုးသား တစ်ဦး ၀င်လာသည်။ သူတို့ ဌာန၌ အမှုထမ်း နေသော အလုပ်သမားခေါင်း တစ်ဦးဖြစ်၍ မောင်စိုးမိုး ကောင်းကောင်း သိသူ တစ်ဦးဖြစ်သည်။ ဒေါင်လွန်းသည် ထုံးစံအတိုင်း ပျာလောင်ခတ်သော အမူအရာ၊ စူးရှရှဝဲတဲ တဲအသံဖြင့်ပင် ဦးမြဖေသို့ ပြောလိုက်သည်။

“ဆရာ ခြင်ထောင်ဇာ ကျွန်တော့်ကို ပေးပါ။ အခု အိမ်မှာ ဆရာသိတဲ့ အတိုင်း ခြင်ထောင် မရှိဘဲ အိပ်နေရတယ်။ဟိုခြင်ထောင်က ဘယ်လိုမှ ပြန်လုပ်လို့ မရတော့ဘူး”

ဦးမြဖေသည် ဘာလုပ်ရမှန်း မသိ၍ စိတ်ပျက်သော အမူ အရာဖြင့် ခေါင်းကို ကုတ်ဖွလိုက်ပြီး ညည်းညူလိုက်သည်။
“မင်းကွာ ဘာလို့ အခုမှ လာပြောရတာလဲ။ခြင်ထောင်စ သုံးစပါတာက ခွဲတမ်းချပေး လိုက်ပြီကွ။ စောစောက လာပြောပါတော့ကွာ”
ဒေါင်လွန်းသည် မျက်စိလေး ပေကလပ် ပေကလပ်နှင့် ရပ်ကြည့်နေသည်။ “ညဆို ခြင်သိပ်ကိုက်တာ ဆရာ၊ ကလေးတွေဆို ကောင်းကောင်း မအိပ်နိုင်ဘူး”ဟုသာ ပြောပြ တတ်ဟန် တူသည်။

သူ့အဖြစ်ကလည်း စိတ်မကောင်းစရာ။ လွန်ခဲ့သော ဆယ်ရက်ခန့်က အလုပ်သမား တန်းလျားရှိ သူ့အခန်းပေါ်သို့ ညောင်ပင် လဲကျ၍ အခန်းပိပြို ပျက်စီးသွားသည်။ သစ်ပင်လဲ သည်မှာ အကြောင်းမဲ့ မဟုတ်ပေ။ တန်းလျားနှင့် လွတ်သော ကိုင်းများကို ခုတ်၍ မီးဆိုက်ကြသောကြောင့် တန်းလျားပေါ် မိုးထွက်နေသော ကိုင်းများသာ ညောင်ပင်တွင် ကျန်နေခဲ့ပြီး ဟိုဘက်သည်ဘက် အလေး မညီတော့သည့် ကြားထဲညောင်ပင် ခြေရင်း အမှိုက်များ မီးပုံ၍ ရှို့လေ့ ရှိသောကြောင့် ပင်ရင်း၌ သစ်ခေါင်း ကြီးဖြစ်ကာ မဟန်နိုင်တော့ဘဲ ပြိုလဲရခြင်း ဖြစ်လေ သည်။ ထိုအချိန်က ညသန်းခေါင်ကျော်၍ သူတို့ သားအမိ သား အဖအားလုံး အိပ်မော ကျနေကြသည်။ ညောင်ပင်၏ကိုင်း ကြီးတစ်ခုသည် သွပ်မိုးကို ဖောက်၊ တန်းများကို ချိုးပြီး ဒေါင်လွန်း၏ ဇနီး ဖြစ်သူကို ပွဲချင်းပြီး အသက်ထွက်သွားစေ သည်။ ကလေးများနှင့် ဒေါင်လွန်းမှာမူ ကုသိုလ် ကံကောင်းသည် ဟုပင် ဆိုရပေမည်။ အပွန်းအပဲ့ အနည်းငယ်ရသည်မှာ တစ်ပါး ဘာမှမဖြစ်ကြ။

မိန်းမ ကွယ်လွန်သွား၍ ၀မ်းနည်းနေရသော ဒေါင်လွန်း အတွက် စိတ်မကောင်းစရာ တစ်ခုမှာ သူတို့ မိသားစု နှစ်အတော်ကြာ သုံးလာခဲ့သော ပိတ်ခြင်ထောင်ကြီးသည် ညောင်ကိုင်း ပိစဉ်က အစိတ်စိတ် အမြွှာမြွှာ စုတ်ပြဲသွားခြင်းပင် ဖြစ်ပါ၏။ ဒေါင်လွန်းအကြောင်း သိထားရသော မောင်စိုးမိုးနှင့် ဦးမြ ဖေတို့သည် ငိုင်နေမိသည်။

“ခက်တာပဲ ဒေါင်လွန်းရာ ခွဲတမ်း စာရွက်တွေက ဝေပြီးသား ဖြစ်နေတော့ ပြန်တောင်းလို့လည်း မကောင်းဘူးကွာ”
ဦးမြဖေသည် တကယ်တမ်း လိုအပ်နေသောသူ တစ်ဦးအား အကူအညီ ပေးရန် အခွင့်အရေး ရှိသည့် ကြားမှ မကူညီ လိုက်နိုင်ခြင်း အတွက် စိတ် မကောင်းဖြစ်နေဟန် ရှိသည်။

မောင်စိုးမိုးသည် ခြင်ကိုက်သောကြောင့် မအိပ်နိုင် ရှာကြသော ကလေးငယ်များ၏ ဒုက္ခကို တွေ့မြင်လိုက်မိပြီး စာနာ စိတ် ၀င်လာသည်။ တစ်ခါ တစ်ရံမှ လာသော ဧည့်သည် များထက် ဒေါင်လွန်း၏ ကလေးများသည် ခြင်ထောင် လိုအပ်နေပြီ မဟုတ်လော။ ထို့ကြောင့် သူ့အား မော်ကြည့်နေသော ဦးမြဖေအား ခွဲတမ်း စာရွက်ကို ပြန်ပေးလိုက်ရင်း
“ကဲ သူ့ကိုသာ ပေးလိုက်ဗျာ။ ကျွန်တော်ကတော့ နောက်တစ်ခါ ပါလာမှပဲ ယူတော့မယ်”
_ _ _
တစ်နေ့တွင် မောင်စိုးမိုး အလုပ်မှ မောမောပန်းပန်း ပြန်လာပြီး သူဖတ်ရန် ငှားထား သော စာအုပ်ကိုရှာသည်။ ထားသောနေရာ၌ မတွေ့ရ၍ မချောစုအား မေးရာ မီးဖိုထဲမှ ထမင်းချက်နေသော ဇနီးဖြစ် သူက
“ရီရီလာပြီး ငှားသွားတယ် အစ်ကိုရဲ့”

မောင်စိုးမိုးသည် ဒေါပွ သွားမိသည်။ သူဖတ်ချင်လွန်း၍ မရမက ငှားလာသော စာအုပ် ကို ဖတ်လက်စတစ်ဝက်တစ် ပျက်နှင့် တခြားသူတစ်ဦးက လာဆွဲသွားကြောင်း သိရသော အခါ စိတ်ကိုထိန်းချုပ် မထား နိုင်ဘဲ အော်ဟစ်လိုက်မိသည်။
“မင်းကို ငါပြောထားသား ပဲကွ။ စာအုပ်ငှားရင် ငါ လက်မှတ်ထိုးထားတဲ့ ကိုယ်ပိုင် စာအုပ်ငှားပါလို့။ အခုဟာက သူများဆီက ငှားလာရတာ၊ ပျောက်ရင် ဘယ်လို လုပ်မလဲ”

“မပျောက်စေရပါဘူး။ နက်ဖြန်ခါ သွားတောင်းပေးမယ်”

“သွားတောင်းတာကတော့ မင်းပြောမှလားကွ။ သူများ စာအုပ်ဆို မငှားပါနဲ့ ဆိုတာ ငါမင်းကို ဘယ်နှစ်ခါ ပြောရမှာလဲ။အမှတ်ကို မရှိဘူး”

“ကလေးက တစ်ဖက် ထမင်း ချက်နေတာနဲ့ ထွက်မကြည့်အားဘူး ရှင်ရေ”

“ဒါဖြင့် မင်းကို အိမ်ထောင်ရှင်မ ဆိုပြီး အိမ်မှာ ရှိနေတာ အပိုပဲပေါ့ကွ”

“တစ်ခါတည်း သူ့စာအုပ်လေး ငှားလိုက်မိတာနဲ့ ကမ္ဘာကြီး ဖျက်တဲ့ အပြစ်ကြီး ကျနေတာပဲ။ စာအုပ်ကို ဒီလောက် မြတ်နိုးနေရင် ဘာလို့ မိန်းမ ယူ ထားသေးလဲ”

အထက်အရာရှိနှင့် မပြေ မလည် ကိစ္စလေး တစ်ခု ဖြစ်လာခဲ့သောကြောင့် စိတ်ညစ်ညူး လာသော မောင်စိုးမိုးကလည်း နဂိုကမှ စိတ်က လက်တစ် ဆစ်ဆိုတော့ ဒေါသစိတ်ကို ချုပ်တည်း မရသည့် အချိန် ဇနီး ဖြစ်သူ မချောစုကလည်း တစ်နေ့လုံး ကလေးနှင့် နပမ်းလုံးရင်းက ထင်းစိုများနှင့် ထမင်းချက် နေရ၍ မျက်ရည်တရွှဲရွှဲ နှင့် ဒေါပွနေသည့် အခိုက်။ ထိပ်တိုက် လာတိုးမိကြပြီး ဘာမဟုတ်သည့် စာအုပ် ကိစ္စလေးကို အကြောင်းပြုကာ တစ်ဦးနှင့် တစ်ဦး စကား အခြေ အတင် ပြောမိကြသည်။ ပြီးတော့ လင်မယားတို့ ထုံးစံ အတိုင်း တစ်ဦးကို တစ်ဦး အပြစ်များ ရှာကြံ၍ နာနာ ကြည်းကြည်း စွဲချက်တင်ကြ သည်။ ဒေါသ ထွက်နေကြသူ များပီပီ မစဉ်းစားကြတော့ဘဲ စကားတစ်လုံး အတင်စီး မခံစတမ်း စကား စစ်ထိုးကြရာမှ နောက်ဆုံးတွင် စိတ်ဆိုးခြင်း၏ အထွတ်အထိပ်သို့ ရောက်လာကြပြီး
“ကဲ တော်ဆို တော်ကွာ။ ငါ လက်ပါမိလိမ့်မယ်”

“ရိုက်ပါ သတ္တိရှိရင် လုပ်ပေါ့၊ ယောက်ျားတန်မဲ့ လက်အားကိုးလို့”

“ကဲကွာ ကဲကွာ”

“သတ်ပါ သတ်ပါ သေအောင် သတ်စမ်းပါ။ မိန်းမဆိုတာ ရိုက်ရအောင် ယူထားတာ ပဲဟာ ဟင့်ဟင့်” ဟု မျက်ရည် ကျရခြင်းဖြင့် အဆုံး သတ်သွားလေတော့သည်။

ရန်ပွဲကြီး ပြီးသွားသော အခါ ဒေါသ မပြေသေးသော မောင်စိုးမိုးသည် မြို့တွင်းသို့ တစ်ပတ်လျှောက် သွားလိုက်သည်။ တဖြည်းဖြည်းနှင့် သွေးအေးသွားပြီး စိတ်ပြေလောက်သော အခါမှ အိမ်သို့ ပြန်လာခဲ့သည်။
သူ့ဇနီး မချောစုသည် သားရေ သေတ္တာ တစ်လုံးထဲသို့ သူနှင့် ကလေး အ၀တ်အစားများကို ဗီရိုထဲမှ ခွဲထုတ်ပြီး ထည့်နေသည်ကို တွေ့ရတော့
“ဒါက ဘာလုပ်မလို့လဲ”

မချောစုက မကျေချမ်း သေးသော အသံဖြင့်
“ကိုယ့်မိန်းမကိုမှ မသနား တတ်တဲ့ လူနဲ့ အတူ မနေချင်တော့လို့ သွားတော့မလို့”

“ဘယ်ကို သွားမှာလဲ”

“ဦးကြီးတို့ ဆီကို နက်ဖြန် ရထားနဲ့ သွားမယ်”

“မင်း သေသေချာချာ စဉ်းစားပြီးပလား”

“ပြီးပြီ”

“မပြင်နိုင်တော့ဘူးလား”

“ဗူးဆို ဖရုံမသီးဘူး”

မောင်စိုးမိုး၏ ယောက်ျား မာနကလေးကလည်း ခေါင်းထောင် ထလာပြန်သည်။
“အောင်မယ်၊ ငါက နင့်အတွက် ပြောနေတာ။ ဒီလို ဆိုလည်း ပြီးတာပဲ”
သူတို့၏ သားဖြစ်သူ တစ်နှစ်သားကလေးမှာ အဖေနှင့် အမေကို တစ်လှည့်စီကြည့်ရင်း ပြုံးရယ်နေသည်။ သူက လေးကတော့ ဘာမှ မသိရှာ။

ညရောက်တော့ မောင်စိုးမိုးသည် အိပ်ရာခင်း၊ ခေါင်းအုံး၊ စောင်ယူပြီး ခြေရင်းရှိ အခန်း လွတ်တစ်ခုသို့ သွား၍ အိပ်သည်။ ဇနီးဖြစ်သူကို မကျေ နပ်သည့် သဘောကိုပြသည့် အထိမ်းအမှတ် အနေနှင့် ဖြစ်သည်။ ညဦးပိုင်း စာဖတ်ပြီး မီးမှိတ်လိုက်သည့်တိုင် ရုတ်တရက် အိပ်မပျော်သော မောင်စိုးမိုးသည် နက်ဖြန်နံနက် အိမ်မှ ထွက်သွားတော့မည့် ဇနီး အကြောင်းကို အတွေး နယ်ချဲ့နေမိသည်။

သူ့မိန်းမသည် သဘော ကောင်းလေး ဖြစ်ပါသည်။ သည်နေ့မှ ဘာကြောင့် နှုတ်လှန် ထိုးရပါသနည်း။ သူတို့ အိမ်ထောင်ရေးသည် ကစား ကစားနှင့် တကယ် ပျက်ရတော့မည်။ မချောစု ဆိုသည်ကလည်း အေးအေးလေး နေတတ်ပေမယ့် စိတ်ကတော့ ကြီးသည်။ မနက်ဖြန်တွင် တကယ်သာ ဆင်းသွားဖြစ်လျှင် ဘယ်တော့မှ အိမ်ပေါ်ပြန်တက်မည် မဟုတ်ပေ။ ကြားထဲက သားကလေးသာ မိတကွဲ၊ ဖတကွဲ ဖြင့် မျက်စိသူငယ် ဖြစ်ရှာပေတော့မည်။ မောင်စိုးမိုး စဉ်းစား မင်းကြပ်ကြပ်ကြီး စဉ်းစားလိုက်စမ်း။ မင်းက လူကြီး။ တကယ်ဆို မင်းက အလျှော့ ပေးသင့်သည်။သို့သော် မောင်စိုးမိုးက လက်နက်ချ အလံဖြူ တင်လိုက်လျှင်လည်း နောက်နောင်များတွင် မချောစုက ရွှေရေးပန်းကန် တက်ဖြစ်လာတော့မည်။ နောက်ဆုံးတော့ လေပျော့လေးနှင့် ခေါ်ကြည့်သည်။

“ဟေ့ ချောစုရေ ချောစု”
တုံ့ပြန်သံ မကြားရ။ ငြိမ် သက်နေသည်။

“ချောစု အိပ်သွားပြီလား”
တုတ်တုတ်ကလေးမှ မလှုပ်။

သည်မျှပင် မာနကြီးသည့် ကောင်မ။ နေစမ်းပေ့စေဟု စိတ်ကို တင်းထားပြီး အိပ်တော့မည်ဟု မောင်စိုးမိုး ဆုံးဖြတ် လိုက်လေမှ သူ့ဘေးတွင် တ၀ီဝီဖြစ်နေသော ခြင်များကို သတိထားလိုက်မိသည်။ သည်တော့ မောင်စိုးမိုးသည် မှောင် ထဲမှာပင် ပြုံးလိုက်မိသေးသည်။
မကြာမီ၌ပင် မောင်စိုးမိုး အိပ်နေသော အခန်းထဲမှ ဖြန်းခနဲ ဘတ်ခနဲနှင့် ခြင်ရိုက်သံ၊ ခြင်ယမ်းသံ၊ ခြင်ဖိသံများ ဝေေ၀ ဆာဆာ ထွက်ပေါ်လာသည်။
တိတ်ဆိတ်နေသော အချိန်ဖြစ်၍ ခြင်ရိုက်သံသည် တော်တော်ကြီးပင် ကျယ်ကျယ်လောင်လောင် ပီပီသသ ကြီး ကြားနေရသည်။ သည် ကြားထဲတွင် မောင်စိုးမိုး၏ အသံကလည်း ထွက်၍ လာချေသေးသည်။၏


“တောက် ဒီခြင်တွေက လဲကွာ”

“ကဲ သေပေရော့ ကဲ”

“ဒီညတော့ အိပ်လို့ရမှာ မဟုတ်ပါဘူး”


“မနက်ကျရင်တော့ တစ်ကိုယ်လုံး ခြင်ဖုတွေချည်းပဲ နေတော့မှာကွာ။ ဒုက္ခပါပဲ”
မိနစ် နှစ်ဆယ်ခန့် ကြာသောအခါ မချောစု၏ အသံ ပေါ်လာသည်။ အသံက ခပ်မာမာ။
“ကဲ ခြင်ထောင်ထဲ လာအိပ်လေ”

သည်တစ်ခါ မောင်စိုးမိုး အလှည့်။ ဈေးကိုင်နေလိုက် ပြန်သည်။ ဘာမှ ပြန်၍ အဖြေ မပေးဘဲ နှုတ်ပိတ်၍သာ နေလိုက်သည်။ ခြင်ကို လက်ဝါး နှင့် ရိုက်သံများသာ ကြားနေ ရသည်။
တော်ကြာတော့ မချောစု၏ အသံက ထပ်မံ၍ ပေါ်လာ ပြန်သည်။ နည်းနည်း လေသံပျော့ လာသည်။
“အလကားနေရင်း ကိုယ့်ဒုက္ခကိုယ် ရှာမနေနဲ့။ ဘယ်လို လူမှန်းလည်း မသိဘူး။ ခြင်ထောင်ထဲကိုတော့ လာအိပ်တာ မဟုတ်ဘဲနဲ့”

မောင်စိုးမိုးက မှောင်ထဲတွင် ကျေကျေနပ်နပ်ကြီး ပြုံးရင်းခြင် မရှိသော သူ့လက်မောင်းပေါ်သို့ လက်ဝါးနှင့် ဖြန်းခနဲ ရိုက်လိုက် ပြန်သည်။
“ကဲ လာမှာဖြင့် မြန်မြန်လာ၊ မူမနေနဲ့။ ခေါ်ချင်လွန်း လို့များ မှတ်မနေနဲ့။ ခြင်ကိုက် အိပ်ရေးပျက်ရင် နေမကောင်း ဖြစ်မှာစိုးလို့”
မချောစု၏ အသံမှာ ငေါ့ဆတ်ဆတ်ဖြစ်သော်လည်း တမင် လုပ်ပြောနေရကြောင်းကို ဖုံးကွယ်၍ မရပေ။ မောင်စိုးမိုးကလည်း သွားချင်လွန်းလှပြီ ဖြစ်သည့်တိုင် ကလေးဆိုးကြီး အသံဖြင့်
“နေမကောင်းလဲ အနေသာကြီးပါကွာ။ မင်းနဲ့ငါ နက်ဖြန်ခါ ကစပြီး ဆိုင်ကြတော့မှာမှ မဟုတ်တာ”

“အစ်ကိုနော်။ ကဲမနေစမ်းနဲ့။ ကလေးကလားတွေ လုပ်မနေနဲ့။ လာအိပ်လှည့်”

နောက်ဆုံးတော့ မောင်စိုးမိုးသည် စောင်၊ ခေါင်းအုံး၊ အိပ်ရာ ခင်းများကို ပြန်၍ သယ်မပြီး သူတို့အိမ်၏ တစ်လုံးတည်းသော သုံးယောက်အိပ် ခြင်ထောင်ကြီးထဲသို့ ပြုံးစိပြုံးစိဖြင့် ၀င်ရောက်သွား လေတော့သည်။ ထိုအခါ အပြင်ဘက်တွင် ကျန်နေခဲ့သော ခြင်များသည် ညလုံးပေါက် သွေးစုပ်ပွဲသဘင်ကြီး မကျင်းပ လိုက်ရသောကြောင့် တ၀ီဝီနှင့် ဒေါသူပုန် ထနေကြလေသည်။

နောက်တစ်နေ့ နံနက်တွင် မချောစုသည် ဤအိမ်မှ ဆင်းသွားဖြစ်တော့မည် မဟုတ်ကြောင်းကို ခြင်ထောင်ကြီးထဲသို့ မောင်စိုးမိုး ၀င်သွားပြီး မကြာမီမှာပင် ပျံ့လွင့်လာသည့် ရယ်မောသံ ခိုးခိုးခစ်ခစ် ဟီးဟီးဟဲဟဲများက ပြောပြနေပါသည်။ ထိုအခါ မောင်စိုးမိုးသည် ခြင်ထောင်တစ်လုံး အပိုမရှိ၍သာ သူတို့ လင်မယား ပြတ်စဲလုဆဲဆဲ အန္တရာယ်မှ လွတ်လာရသည်ဟု အတွေးဝင်လာသည်။ ခြင်ထောင်တစ်လုံး အပိုဝယ် မထားမိခြင်းကိုပင် ၀မ်းသာနေမိ၏။

သို့ဖြင့် မောင်စိုးမိုးတို့ လင်မယားသည် ခြင်ထောင် အပို တစ်လုံး နောက်ထပ် ၀ယ်ချုပ်ရန် စိတ်ကူးထဲ၌ပင် ထည့်တော့မည် မဟုတ်၍ နောက်နောင်အခါများတွင် မောင်စိုးမိုး၏ နေအိမ်သို့ ညအိပ်တည်းခို ကြမည့် အပေါင်းအသင်း ဧည့်သည်များသည် ကိုယ့်ခြင်ထောင် ကိုယ်ယူလာ ကြရုံသာရှိပါတော့သတည်း။

မာန်မြင့်
မိုးဝေမဂ္ဂဇင်း၊ မေ၊ ၁၉၇၄
0 Comments
Add a Comment
   

No comments:

Post a Comment