Saturday, March 24, 2012

နယ်စပ်မှတစ်ဆင့် ပြည်ပရွှေစီးဝင်မှု သိသာစွာမြင့်တက်

နယ်စပ်မှတစ်ဆင့် ပြည်ပရွှေစီးဝင်မှု သိသာစွာမြင့်တက်

ရန်ကုန်မီးလင်းရွှေ ဈေးနှုန်းကို ကြိုက်နှစ်သက်သဖြင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် အရည်အသွေးမြင့် ရွှေစီးဝင်မှု သိသိသာသာ များနေပြီး အကျိုးဆက်အနေဖြင့် ရွှေဈေးတည်ငြိမ်လျက်ရှိကြောင်း ရွှေဘုံသာလမ်း အောက်လမ်း အခြေစိုက် နှစ် ၄၀ ကျော် အတွေ့အကြုံရှိ ရွှေလက်ကားကုန်သည်ကြီး တစ်ဦးက ပြောကြားသည်။ လက်ရှိ ရန်ကုန်ရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးနှုန်းထက် တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းခွဲခန့် ပိုများနေသဖြင့် တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းနှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတို့မှတစ်ဆင့် အရည်အသွေးမြင့်ရွှေများ စီးဝင်လာခြင်းဖြစ်ကြောင်း ၄င်းကဆက်လက် ရှင်းပြသည်။ နယ်စပ်မှ စီးဝင်လာသော ရွှေများသည် တံဆိပ်မျိုးစုံဖြစ်ပြီး လက်ကိုင်ဖုန်းအရွယ် အလေးချိန် ၆၀ ကျပ်သား သုံးပဲလေးရွေး ရွှေချောင်းများလည်း ပါဝင်ကာ ထိုင်းမှဝင်သည့် ရွှေများပင် ပါဝင်ကြောင်း၊ ရွှေသန့်စင်မှု ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း သန့်စင်သဖြင့် ၉၉ ဒသမ ၉၅ ရာခိုင်နှုန်း သန့်စင်သော ပြည်တွင်းရွှေထက် အရည်အသွေးပိုမြင့်ကြောင်း ရန်ကုန်မီးလင်းရွှေဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ရွှေတစ်ကျပ်သားလျှင် ကျပ် ၇၆၁၀၀၀ ထိရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး အကျကြမ်းခဲ့သဖြင့် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၈၀ ဝန်းကျင်ရှိရာမှ ထူးထူးခြားခြား တစ်ရက်လျှင် ဒေါ်လာ ၅၀ ထိ ပြုတ်ကျသည်မှာ နှစ်ရက်ပင်ရှိကြောင်း၊ လက်ရှိရွှေဈေးမှာ ၇၂၄၀၀၀ ကျပ်ဝန်းကျင်ရှိပြီး တစ်ဒေါ်လာ ၈၂၀ ကျပ်ခန့်ရှိကြောင်း ရန်ကုန်မီးလင်းရွှေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်ဟု ၂၀၁၂ ခုနှစ်မတ်လ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

No comments:

Post a Comment