Saturday, March 24, 2012

လယ်လုပ်သူ လယ်ပိုင်ရုံသာမက ပေါင်နှံရောင်းချ လွှဲပြောင်းပိုင်းခွင့်ရှိမည်

လယ်လုပ်သူ လယ်ပိုင်ရုံသာမက ပေါင်နှံရောင်းချ လွှဲပြောင်းပိုင်းခွင့်ရှိမည်

ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းသည့် လယ်ယာမြေဥပဒေတွင် မြေအောက်ရှိ သယံဇာတများကို ထုတ်ယူသုံးစွဲခွင့် မရှိသော်လည်း လယ်လုပ်သူများအနေဖြင့် သားစဉ်မြေးဆက် လယ်ယာပိုင်ဆိုင်ခွင့် ရှိမည်ဖြစ်သကဲ့သို့ လွှဲပြောင်းရောင်းချပေါင်နှံ ခွင့်ကိုပါ ခွင့်ပြုထားကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။ အသစ်ရေးဆွဲသည့် လယ်ယာမြေဥပဒေသည် အမေရိကန်ပြည်ထောင်စုကဲ့သို့ အကျိုးအမြတ် ထုတ်ယူခံစားခွင့် မရသေးသော်လည်း အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများနှင့် များစွာမကွာခြားလှကြောင်း ဦးရဲထွန်းက သုံးသပ်ပြောကြားသည်။ ငွေရင်းလိုအပ်သည့် လယ်သမားများအတွက် လယ်ယာမြေ တရားဝင် ပေါင်နှံရောင်းချခွင့် ပြုထားသော်လည်း ပေါင်နှံရောင်းချမည်ဆိုလျှင် အစိုးရဘဏ်တွင်သာ ပေါင်းနှံရမည်ဟု ပါရှိသဖြင့် လယ်သမားများ အခက်အခဲဖြစ်နိုင်ကြောင်း၊ မြန်မာ့စိုက်ပျိုးရေးဘဏ်အနေဖြင့် ကျေးရွာအထိ ဘဏ်များ ဖွင့်လှစ်သွားနိုင်မှသာ လယ်သမားများ အဆင်ပြေနိုင်ကြောင်း ဦးရဲထွန်းက အကြံပြု ပြောကြားသည်။ “ပေးကားပေး၏ မရဆိုတာမျိုး ဖြစ်သွားတာက အစိုးရဘဏ်မှာပဲ ပေါင်နှံခွင့်ရှိတဲ့ အချက်ပဲ”ဟု ဦးရဲထွန်းက ဆိုသည်။ လယ်ယာမြေဥပဒေသည် မျှော်လင့်ထားသလောက် မဖြစ်ကြောင်း၊ အချို့အချက်များသည် လက်တွေ့ အလုပ်လုပ်ရာတွင် လုပ်၍ မရနိုင်ကြောင်း၊ လယ်မြေပေါင်နှံခွင့် ပေးထားသော်လည်း အစိုးရထံတွင်သာ ပေါင်နှံရမည်ဆိုသည်မှာ လယ်သမားများအတွက် အလုပ်မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်း တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။ မြေလွတ်မြေရိုင်းဥပဒေနှင့် လယ်ယာမြေဥပဒေကို မတ်လ ၁၉ ရက် တနလာင်္နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။ အစိုးရဘဏ်တွင် ပေါင်နှံရောင်းချရလျှင် မြို့ပေါ်တစ်ခါမှ မရောက်ဖူးသည့် လယ်သမားများအတွက် အခက်အခဲ ဖြစ်နိုင်သကဲ့သို့ လယ်ဈေးများစွာ မရမည်ကို စိုးရိမ်မိကြောင်း လပွတ္တာမြို့ ကညင်ကိုင်းရွာမှ လယ်သမားကြီးတစ်ဦးက ပြောကြားသည်။ “လယ်သမားတွေ ဘယ်လောက်ပဲ ပိုင်ရမယ်၊ ဧက ၅၀ ထက်မပိုရဘူး ဆိုတာမျိုးကလည်း ဆိုရှယ်လစ်ဆန်တယ်” ဟု ၎င်းကဆိုကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

No comments:

Post a Comment