Saturday, March 24, 2012

ဘုရားဝင်းအတွင်း ဖိနပ်စီးဝင်လိုသူ ဂျာမန်ဧည့်ကိစ္စ ဧည့်လမ်းညွှန် ရှင်းလင်း

ဘုရားဝင်းအတွင်း ဖိနပ်စီးဝင်လိုသူ ဂျာမန်ဧည့်ကိစ္စ ဧည့်လမ်းညွှန် ရှင်းလင်း


ရန်ကုန်၊ မတ် ၁၅
ဗုဒ္ဓဘာသာဘုရားပရိဝုဏ်အတွင်းသို့ ဖိနပ်စီးဝင်ရောက်လိုသော ဂျာမန်ဧည့်နှင့် ဧည့်လမ်းညွှန်ကြား ပဋိပက္ခဖြစ်မှုတစ်ခု မတ်လ ၁၁ ရက်က မန္တလေး၌ ဖြစ်ပွားခဲ့သည်။
ဂျာမန်/အင်္ဂလိပ် ဧည့်လမ်းညွှန်တစ်ဦးဖြစ်သည့် ကိုသန်းထွန်းဦးနှင့်အတူ ဂျာမန်ဧည့်သည် နှစ်ဦးသည် မန္တလေးမဟာမြတ်မုနိဘုရား တောင်ဘက်မုခ်မှ ဘုရားကြီးသို့ မဝင်ရောက်မီ ဧည့်သည်အမျိုးသမီးက ဖိနပ်မချွတ်လိုဟု ပြောဆိုသဖြင့် ဧည့်လမ်းညွှန်က ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် စည်းကမ်းများကို မလိုက်နာ၍ မဖြစ်ကြောင်း၊ ဖိနပ်မချွတ်လိုပါက ဘုရားပရိဝုဏ်အတွင်း ဝင်ရောက်လေ့လာရန် မဖြစ်နိုင်ကြောင်း ရှင်းပြခဲ့သည်ကို ဧည့်သည်များက လက်မခံသည့်အပြင် ဧည့်လမ်းညွှန်ကို ဆူပူ ပြောဆိုသဖြင့် ကုမ္ပဏီသို့ ဖုန်းဆက်ကာ တခြား ဧည့်လမ်းညွှန်တစ်ဦးနှင့် အစားထိုးလဲလှယ် ပေးခဲ့ရခြင်းဖြစ်ကြောင်း ဧည့်လမ်းညွှန်က ဆိုသည်။
စည်းကမ်းများကို ရှင်းပြကာ တားမြစ်သော ဧည့်လမ်းညွှန်အား မကျေနပ်၍ အခြားဧည့်လမ်းညွှန်နှင့် လဲလှယ်ပေးရန် ၄င်းတို့က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဧည့်လမ်းညွှန်လဲ ပြီးသောအခါတွင်မူ ဘုရားဝင်း အတွင်းသို့ ဖိနပ်ချွတ်ကာ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
”ဒီလိုပြဿနာတွေက ယဉ်ကျေးမှုနဲ့ဆိုင်တဲ့အတွက် ပြတ်သားရမယ်။ မလိုက်နာရင် မလိုက်နာတဲ့သူကို အလျှော့ပေးစရာ မရှိဘူး။ ဒါမျိုးတွေ လိုက်လျောနေရင် ကျွန် တော်တို့ ယဉ်ကျေးမှုတွေ ပျောက်ကွယ်သွားလိမ့်မယ်”ဟုကိုသန်းထွန်း ဦးကသူ၏ခံစားချက်ကိုပြောသည်။
စည်းမျဉ်းစည်းကမ်းကို မလိုက်နာသော ဧည့်သည်များဘက်မှ ရပ်တည်သော ကုမ္ပဏီများရှိခဲ့ပါကလည်း ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ဧည့်လမ်းညွှန်လုပ်သက် ၁၆ နှစ်ရှိ ၄င်းက ပြောသည်။
စည်းကမ်းဓလေ့များနှင့် ပတ်သက်၍ ဧည့်သည်နှင့် ဧည့်လမ်းညွှန်ကြား ပဋိပက္ခဖြစ်ပွားမှုများ ယခင်ကတည်းကရှိခဲ့ကြောင်း၊ ခရီးသွားနယ်ပယ်သို့ ဝင်လာသောဧည့် လမ်းညွှန်သစ်များကိုလည်း အဆိုပါ ပြဿနာများနှင့် ပတ်သက်၍ ပညာပေးထားရန် လိုအပ်မည်ဖြစ်ကြောင်း မန္တလေးအခြေစိုက် ဧည့်လမ်းညွှန် ကိုဝင်းဇော်ဦးက ပြောသည်။
”ဧည့်သည်ရဲ့ စိတ်ကျေနပ်မှု တစ်ခုတည်းကို ဦးစားပေးပြီးတော့ ကျွန်တော်တို့ရဲ့ ဘာသာတရား၊ ယဉ်ကျေးမှု၊ လုံခြုံရေးကို ထိပါးမခံနိုင်ဘူး” ဟု ၄င်းကဆိုသည်။ မြန်မာနိုင်ငံသည် ဧည့်သည် သန်းချီဝင်လာပါက ယခုလိုပြဿနာများ ပိုမိုဖြစ်ပွားလာနိုင်သည့်အတွက် ယဉ်ကျေးမှု ဓလေ့များကို ထိန်းသိမ်းရန် ဧည့်လမ်းညွှန်များသာမက နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း ကိုသန်းထွန်းဦးက ပြောကြားခဲ့သည်။
မေဇင်ဝင်း

No comments:

Post a Comment