Thursday, March 8, 2012

ဟော်မုန်းအကြောင်းသိကောင်းစရာ

ဟော်မုန်းအကြောင်းသိကောင်းစရာ ဟော်မုန်းအကြောင်းကို အပြည့်အစုံ သိချင်တယ်လို့ ကျွန်တော့်ရဲ့ ဘော်ဒါကြီး ကိုစိုင်းက မေးလ်ပို့ပြီး မေးမြန်း လာခဲ့ပါတယ် ။ မေးထားတာကတော့ သင်္ကြန်မတိုင်ခင်ကတည်းကပါ ။ ကျွန်တော်လည်း တင်ပေးမယ် တင်ပေး မယ်နဲ့ အတော့်ကို ကြာသွားခဲ့ပါတယ် ။ ကိုစိုင်းရေ ...ပို့စ်တင်တာ နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပေး ပါခင်ဗျာ ။းD ဟော်မုန်းဆိုတာ ဘာလဲ ? ဟော်မုန်းဆိုတာ ဂရိဘာသာစကား impetus ကနေ ဆင်းသက်လာတပါ ။ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ cell ထဲကနေ ထုတ်လွှတ် တဲ့ ဓါတုပစ္စည်းတစ်ခု ဖြစ်ပါတယ် ။ ဒီဓါတုပစ္စည်းတွေဟာ အခြား ခန္ဓာကိုယ်မှာ ရှိတဲ့ အစိတ်အပိုင်း တွေက ဆဲလ်တွေကို သက်ရောက်မှုရှိစေဖို့ သတင်းအချက်အလက် ( messages) တွေကို ပေးပို့ပါတယ် ။ တကယ် တော့ ဆဲလ်ဖြစ်ပျက်ပြောင်းလဲမှု ဖြစ်စဉ် ( metabolism ) အတွက် ဟော်မုန်း အနည်းငယ်မျှသာ လိုအပ်ပါ တယ် ။ ဟော်မုန်းဆိုတာဟာ ဆဲလ်တွေ တစ်ခုကနေတစ်ခုကို (signal) အချက်ပြဖို့ မရှိမဖြစ်လိုအပ်တဲ့ ဓါတုသ တင်းပို့သူ ( chemical messenger ) ပဲဖြစ်ပါတယ် ။ ဆဲလ်တွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိတွေ မှာ ဟော်မုန်းကို ထုတ်လုပ်ပါတယ် ။ အပင်တွေက ထုတ်တဲ့ ဟော်မုန်းကိုတော့ phytohormones လို့ ခေါ်ပါတယ် ။ တိရိစ္ဆာန်များမှ ဟော်မုန်းတွေကတော့ တစ်ခါတစ်ရံ သွေးထဲကနေ သယ်ယူပို့ဆောင်ပါတယ် ။ ဆဲလ်တွေ ဟာ ဟော်မုန်းတစ်ခုစီအတွက် သီးခြား လက်ခံမယ့်နေရာ (specific receptor) ရှိမယ်ဆိုရင် အဲဒီ ဟော်မုန်း ကို တုန့်ပြန်မှု ရှိပါတယ် ။ ဟော်မုန်းက အဲဒီ receptor protein နဲ့ပေါင်းခြင်းအားဖြင့် သတင်း အချက်အလက်ပေးပို့ ဆက်သွယ်ရေးစနစ် (signal transduction mechanism ) ကို လှုံ့ဆော်ပါတယ် ။ ဟော်မုန်းကို အတွင်းအပြင် endocrine hormone နဲ့ exocrine hormone ရယ်လို့ ခွဲခြားထားပါတယ် ။ Endocrine Hormone မောလီကျူးတွေဟာ သွေးထဲကို တိုက်ရိုက် စစ်ထုတ်ပါတယ် ။ Exocrine Hormone ကတော့ Ectohormones လို့လည်းခေါ်ပြီး ခန္ဓာကိုယ်ရှိ အရည်သယ်ပို့တဲ့ ပြွှန်ထဲကို တိုက်ရိုက် ထုတ်လွှတ်ပြီး ပြွန်မှတဆင့် သွေးထဲကို စီးဝင်ပါတယ် ။ ဒါမှမဟုတ်ရင်တော့ သူတို့ဟာ ဆဲလ်တစ်ခုကနေ ဆဲလ်တစ်ခုကို စိမ့်ဝင် ပျံ့နှံ့ခြင်း (diffusion) နည်းနဲ့ စီးဆင်းပြီး အဲဒီဖြစ်စဉ်ကို Paracrine Signalling လို့ခေါ်ပါတယ် ။ ဟော်မုန်းတွေ ဘယ်လို အချက်ပြသလဲ ? ဟော်မုန်းတွေဟာ အောက်ပါနည်းလမ်းများအတိုင်း အချက်ပြ ဆက်သွယ်လေ့ရှိပါတယ် ။ ၁ ။ (Biosynthesis) သီးခြားတစ်ရှုး အတွင်းမှာ သီးခြားဟော်မုန်းမှ ဇီဝဖြစ်ပျက်ခြင်း ( Biosynthesis ) နည်းအားဖြင့် ။ ၂ ။ (Storage and Secretion) ဟော်မုန်းများအား သိုလှောင်ခြင်းနှင့် ထုတ်လွှတ်ခြင်း ။ ၃ ။ (Transport) သတ်မှတ်ထားသည့် ဆဲလ်(Target cell) ရောက်အောင် ဟော်မုန်းအား သယ်ယူပို့ဆောင်ခြင်း ။ ၄ ။ (Recognition) ဟော်မုန်းနှင့်ဆက်နွယ်နေသော ဆဲလ်အကာ (cell membrane) သို့မဟုတ် ဆဲအတွင်းမှာ ရှိတဲ့ Receptor protein အားဖြင့် ဟော်မုန်းအား အသိအမှတ်ပြုခြင်း ။ ၅ ။ (Relay and amplification) ရရှိလာသော ဟော်မုန်းအား အချက်ပြခြင်းဖြစ်စဉ်မှတဆင့် အစားထိုးခြင်းနှင့် တိုးချဲ့ခြင်းများ ပြုလုပ်ခြင်း ။ ၆ ။ (Degradation) ဟော်မုန်းများ ပျက်ဆီးဆုံးရှုံးခြင်း ။ စသည်တို့ပဲ ဖြစ်ပါတယ် ။ ဟော်မုန်းများကို ထုတ်လုပ်တဲ့ ဆဲလ်တွေဟာ သီးခြားဆဲလ်အမျိုးအစားတွေ ဖြစ်ပြီး သီးခြား Endocrine gland တွေ ဥပမာ (သိုင်းရွက် ဂလင်း ၊ သားဥအိမ်နှင့် ဝှေးစေ့ စသည်တို့ ) မှာ တည်ရှိကြပါတယ် ။ ဟော်မုန်းတွေဟာ သူတို့ရဲ့ ပင်ရင်း ဆဲလ်တွေကနေ exocytosis သို့မဟုတ် ဆဲလ်အကာမှသယ်ယူပို့ဆောင်ခြင်း (Membrane Transport) နည်းအားဖြင့် ထွက်ခွာကြပါတယ် ။ ဟော်မုန်းများ၏ ဇီဝကမ္မဖြစ်စဉ် ဆဲလ်အများစုဟာ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ မော်လီကျူးတွေကို ထုတ်လုပ်နိုင်တဲ့ စွမ်းရည်ရှိကြပါတယ် ။ အဲဒီမော်လီကျူးတွေဟာ ဆဲလ်တစ်ခုမှ တစ်ခုကို အချက်ပြဆက်သွယ်ပေးပြီး သူတို့ရဲ့ ကြီးထွားမှု ၊ လုပ်ဆောင် ချက်နဲ့ ဖြစ်ပျက်ခြင်းဖြစ်စဉ်တို့ကို ပြောင်းလဲစေပါတယ် ။ ဟော်မုန်းတွေ ထုတ်လုပ်ခြင်းနဲ့ လှုံ့ဆောင်ခြင်း ၊ တားဆီးခြင်းတို့ကို ၁ ။ အခြားဟော်မုန်းများ (ဥပမာ လှုံဆော်ဟော်မုန်းနှင့် ထုတ်လုပ်ဟော်မုန်း - Stimulating or releasing hormone) ၂ ။ အိုင်းယွန်းတွေနဲ့ nutrients တွေရဲ့ သွေးရည်ကြည်ထဲရောက်ရှိမှု သိပ်သည်းဆ ( Plasma concentration) နှင့် ပေါင်းစည်း ပရိုတိန်း (binding globulins) ၃ ။ ဦးနှောက်အာရုံကြောထဲမှာ ရှိတဲ့ အချက်ပြဆက်သွယ်သူ Neurones နဲ့ အာရုံခံစားမှုများ ၊ ၄ ။ ပတ်ဝန်းကျင်ပြောင်းလဲမှုများ ( ဥပမာ အလင်းရောင် ၊ အပူချိန်) စသည်တို့က လုပ်ဆောင်ပေးပါတယ် ။ သီးခြား အုပ်စုတစ်ခုက ထုတ်လုပ်တဲ့ ဟော်မုန်းဟာ အခြား endocrine ဂလင်း တွေရဲ့ ဟော်မုန်း ထုတ်လုပ် မှုကိုလည်း လှုံဆော်ပါသေးတယ် ။ ဥပမာ သိုင်းရိုက်လှုံ့ဆော် ဟော်မုန်း (Thyroid stimulating Hormone -TSH) ဟာ ကြီးထွားမှုကို ဖြစ်စေပြီး အခြား endocrine ဂလင်းတွေရဲ့ လုပ်ဆောင်ချက်တွေကို များစေတဲ့အပြင် သိုင်းရွက် ဟော်မုန်း ထုတ်လုပ်မှုကိုလည်း များစေပါတယ် ။ ယခုလတ်တလော သတ်မှတ်ထားတဲ့ ဟော်မုန်းအသစ်တွေကတော့ Hunger Hormones တွေဖြစ်တဲ့ ghrelin , orexin နှင့် Satiety Hormones တွေဖြစ်တဲ့ leptin , obestatin , nesfatin-1 တို့ပဲ ဖြစ်ပါတယ် ။ ဟော်မုန်းတွေက ဘာတွေလုပ်ဆောင်ပေးကြသလဲ ? ၁ ။ ခန္ဓာကိုယ်အရွယ်အစား ကြီးထွားမှုကို လှုံ့ဆော်ခြင်းနှင့် တားဆီးခြင်း ၂ ။ စိတ်အာရုံခံစားမှု ၃ ။ ဆဲတွေ အစုလိုက် သေကျေခြင်း ( programmed cell death) အား လှုံ့ဆော်ခြင်းနှင့် တားဆီးခြင်း ။ (Programmed cell death ကို apoptosis လို့လည်းခေါ်ပါတယ် ) ၄ ။ ခန္ဓာကိုယ်၏ ခုခံအားစနစ် Immune System အား လှုံ့ဆော်ခြင်းနှင့် တားဆီးခြင်း ၅ ။ ဇီဝဖြစ်ပျက်ခြင်းအား ပုံမှန်ဖြစ်အောင်လုပ်ဆောင်ပေးခြင်း ၆ ။ ခန္ဓာကိုယ်ရှိ တိုက်ခိုက်ခြင်း အာရုံခံစားမှုနှင့် အခြားလုပ်ဆောင်ချက်များ လုပ်ဆောင်ရန် ပြင်ဆင်ပေးခြင်း ၇ ။ အပျိုဖော် ၀င်ခြင်း ၊ နို့ချိုတိုက်ကျွေးခြင်း နှင့် သွေးဆုံးခြင်းစသော လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် ပြင်ဆင်ပေးခြင်း ၈ ။ မျိုးပွားမှု စက်ဝန်းအား ထိမ်းချုပ်ခြင်း ၉ ။ ဆာလောင်မွတ်သိပ်မှုအား အာသာပြင်းပြခြင်း စသည်တို့ကိုလုပ်ဆောင်ပေးကြပါတယ် ။ ဟော်မုန်းအမျိုးအစားများ ကျောရိုးရှိသတ္တ၀ါတွေရဲ့ ဟော်မုန်းတွေကို အုပ်စုသုံးခု ခွဲထားပါတယ် ။ ၁ ။ Amine - အမိုင်နိုအက်ဆစ် tyrosine နဲ့ tryptophan တို့ရဲ့ မျိုးခွဲတွေ ဖြစ်ပါတယ် ။ ဥပမာ Catecholamines နဲ့ Thyroxine ၂ ။ Peptide Hormones - အမိုင်နိုအက်ဆစ် chain တွေ ပါဝင်ပါတယ် ။ ဥပမာ TRH နဲ့ Vasopressin ။ အမိုင်နို အက်ဆစ်တွေ ရာချီပြီး စုပေါင်းသွားရင် ပရိုတိန်းလို့ ရည်ညွှန်းပါတယ် ။ Protein Hormone တွေကတော့ Insulin နဲ့ Growth Hormone တို့ ဖြစ်ပါတယ် ။ ဘေးဖက်တွေမှာ Carbohydrate side chains တွေပါတာကိုတော့ Glycoprotein hormones လို့ခေါ်ပါတယ် ။ Glycoprotein Hormones တွေကတော့ Luteinizing hormones , Follicle-stimulating hormones နဲ့ Thyroid Stimulating hormone တို့ဖြစ်ပါတယ် ။ ၃ ။ Lipid နဲ့ Phospholipid - လစ်ပစ်တွေက ခွဲထွက်လာတဲ့ Linoleic acid ၊ arachidonic acid နဲ့ phospholipids တို့ပဲ ဖြစ်ပါတယ် ။ အဓိကအုပ်စုကြီးကတော့ cholesterol နဲ့ eicosanoids တို့က ခွဲထွက်လာတဲ့ Steroid hormones ဖြစ်ပါတယ် ။ စတီးရိုက်ဟော်မုန်းတွေကတော့ Testosterone နဲ့ Cortisol တို့ ပဲ ဖြစ်ပါတယ် ။ ဟော်မုန်းတွေရဲ့ အကြောင်းကို ခြုံငုံပြီး တင်ပြပေးထားခြင်းသာ ဖြစ်ပါတယ် ။ စာရေးသူ......သက်တန့်ချို (၂၂ ဧပရယ် ၂၀၁၀) Ref : Wikipedia စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment