Friday, August 16, 2013

ပိုက်ဆံကျဲပါဗျို့ ခင်မောင်ညို (ဘောဂဗေဒ)...ဆရာ့ရဲ့ စာလေးပါ

15th Aug 2013

ပိုက်ဆံကျဲပါဗျို့ ခင်မောင်ညို (ဘောဂဗေဒ)

ပိုက်ဆံကျဲပါဗျို့ ခင်မောင်ညို (ဘောဂဗေဒ)
August 13, 2013 at 10:42am
ဒီတစ်ခေါက် မန္တလေး သွားဖို့ ရှိတာမှာ မိုးတွင်းဆိုတော့ လေယာဉ်ပျံနဲ့ မသွားချင်၊ တံတားဦးနဲ့ မန္တလေးမြို့ထဲကလဲ အလှမ်းသား။ ညကားဆိုရင်လဲ အိပ်ရေးပျက်။ ဒီတော့ လွယ်လွယ်ကူကူ သောကြာနေ့ ထွက်တဲ့ကားကို မင်းဓမ္မလမ်းကနေ စီးတယ်။ သက်တောင့်သက်သာ ချောင်ချောင်ချိချိ ရှိတယ်။ လမ်းမှာ အမျိုးသမီးတစ်ယောက် အပေါ့သွားချင်တယ်ဆိုမှ အိမ်သာမပါမှန်း သိတယ်။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ အိမ်သာတွေ တော်တော်တွေ့ရတာ ကိုယ်တို့လို ဆီး၊ ၀မ်း လွယ်တဲ့သူတွေ အတွက် အဆင်ပြေသား။ အပြန်ဆို ၁၁၅ မိုင် ၀င်မနားပဲ ကျော်လာတော့ လန့်နေတာ၊ နောက်ကျ မိုင် ၇၀ လောက်မှာ ရှိတဲ့ အိမ်သာမှာ ရပ်ပေးတယ်။
မော်တော်ကားမှာ ၀န်ဆောင်တဲ့ မိန်းကလေးက လမ်းမှာ ပစ္စည်းပျေက်ရင် အကြောင်းကြားပါ၊ နီးစပ်ရာ ရဲစခန်းကို တိုင်ပေးမယ်၊ ရှာပေးမယ်တဲ့ဆိုတော့ ပြဿနာနဲ့ အဖြေပါ တပါတည်း တွဲပြီး ပြောထားတာကိုလဲ သဘောကျပါတယ်။ မော်တော်ကားမှာ လေယာဉ်ပျံလို ရုပ်ရှင်ကြည့်၊ ဂိမ်းကစား၊ သီချင်းနားထောင်၊ ရေဒီယို နားထောင် လုပ်လို့ရတာတွေက ကိုယ့်အတွက် မလိုအပ်ပေမယ့် ကားထဲမှာ မြန်မာဇာတ်ကားတွေ ဖွင့်ပြီး နှိပ်စက်ခံရတာကနေ လွတ်မြောက်လို့ ၀မ်းသာရပါတယ်။ တယ်လီဖုန်းနဲ့ ကွန်ပြူတာတွေကိုလဲ အားဖြည့်လို့ ရတယ်။ ဒါပေမယ့် ရေဘူးနဲ့ အအေးဘူးကိုတော့ မတို့ရဲ၊ လမ်းမှာ အန္တရာယ် ဖြစ်မှာစိုးတာကိုး။
ရန်ကုန်က နံနက် ၈.၃၀ အထွက် မန္တလေးမှာ ညနေ ၄.၃၀ လောက် ရောက်တယ်။ အင်တာနက်ပေါ်လဲ တက်လိုက်ရော မန္တလေး ရောက်ပြီလား၊ တွေ့ရအောင်၊ ဆုံရအောင်ဆိုပြီး ပြောကြတော့တာပါ။ နေတဲ့ရက်ကလည်း ခပ်နည်းနည်းမို့၊ အစ်ကိုတစ်ဝမ်းကွဲ မိသားစု၊ ညီ မိသားစု၊ မိတ်ဆွေတစ်ယောက် မိသားစု၊ တပည့်တချို့ကို အပြေးအလွှား တွေ့ရပါတယ်။
ရောက်တဲ့ညနေမှာ တပည့်ဟောင်းတစ်ယောက်နဲ့ သူ့မိတ်ဆွေ တစ်ယောက်က လာကြိုကြတော့ ဘုရားကြီးကို တစ်ခါတည်း ၀င်ဖူးပါတယ်။ ညစာကို သူတို့က ကျွေးတယ်၊ မိတ်ဆွေသစ်က မေးစရာ၊ သိချင်တာတွေကို မှတ်စုစာအုပ်နဲ့ ယူလာပြီး မေးပါတယ်။
တကယ်တော့ အရင်တစ်ခေါက် ဟောပြောပွဲမှာ အဲဒီအကြောင်းအရာတွေ၊ တော်တော်လေး ပြောခဲ့ပြီးသားပါ။ နောက်တစ်ခုက အခြေခံကနေ စပြီး လေ့လာသင်ယူရမယ့် ကိစ္စမျိုးတွေကျတော့ တစ်ထိုင်ထဲ ပြောဖို့ အခက်သား။
မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် အရေးယူတာတွေ ဖြစ်ပြီးတဲ့နောက် တိုက်ရိုက်နည်းနဲ့ရော၊ သွယ်ဝိုက်နည်းနဲ့ပါ စီးပွားရေး လုပ်ငန်းတွေ အတော်တန့်ကုန်တယ်ဆိုတဲ့ သတင်းကို အတော်လေး စိတ်ဝင်စားမိပေမယ့် လက်ဆုပ်လက်ကိုင်ရဖို့က အခက်သား။
မန္တလေးနား တစ်ဝိုက်က ဆိုက်ကယ်စီးရင် ဦးထုပ်မပါဘဲ စီးတဲ့ အလေ့အကျင့်တွေ ဖြစ်နေတာမို့ “ဦးထုပ်ဖမ်းတယ်”ဆိုတဲ့ သတင်းကို ဒေသခံ ဆိုင်ကယ်စီးသူတွေက အဓိပ္ပါယ်အကောက်လွဲပြီး ဦးထုပ်ချွတ်ကြ၊ ဦးထုပ်ဖွက်ကြ လုပ်တယ်ဆိုတာ ရယ်စရာ ပြောတာ မဖြစ်နိုင်။ ပညာပေးမှုတွေ၊ စွဲလမ်းနေတဲ့ အလေ့အကျင့်ဟောင်းတွေ၊ အလေ့အကျင့်သစ်နဲ့ အသားမကျသေးတာတွေကို ဖော်ပြတဲ့ သာဓက တစ်ခုပါပဲ။
တောင်ပြုံးမှာ ရှိတဲ့ တူတွေ၊ တူမတွေဆီ အခုတလော အရောက်သွားပါတယ်။ ဒီရက်ပိုင်းမှာ တောင်ပြုံးပွဲတော် စနေပြီဆိုတော့ သွားရခက်မှာ စိုးတယ်။ ဒါပေမယ့် ပွဲတော်ကိုလဲ ကြည့်ချင်ချင်နဲ့မို့ မောင်နှမ နှစ်ယောက်ကို ယောက်ဖလုပ်သူက လိုက်ပို့ပါတယ်။ မန္တလေးက ထွက်ကတည်းက “ပိုက်ဆံကျဲပါဗျို့” ကြားရတာပဲ။ ကလေးရော၊ လူကြီးရော၊ အရွယ်စုံ။ နို့စို့ကလေးတွေတောင် ပါသေး။ တချို့လဲ ဆိုင်ကယ်နဲ့ လာကြပုံ ရတယ်။ နွမ်းပါးပုံ ရတဲ့သူတွေ ပါသလို နွမ်းပါးပုံ မရတဲ့သူတွေလဲ တွေ့ရတယ်။ တောင်ပြုံးအ၀င် စာသင်ကျောင်းမှာက ကလေးတွေ စာသင်နေကြတာ တွေ့ရလို့ ၀မ်းသာမိတယ်။
ပိုက်ဆံကျဲခိုင်းတဲ့သူတွေက အသွားထက် အပြန်မှာ ပိုများတယ်။ ခိုင်းပုံ ခိုင်းနည်းကလဲ ခပ်တင်းတင်း၊ ခပ်မာမာ။ ရှေ့က ကားတစ်စီးက ခေါင်မိုးပေါ်ကနေ ကျဲချလို့ နောက်ကလိုက်တဲ့ကားက လုနေတဲ့သူတွေကို မနင်းမိအောင် သတိထားလိုက်ရတယ်။
တူတွေ၊ တူမတွေက တောင်ပြုံးအ၀င် လမ်းဘေးမှာ နေကြလို့ ကားကို သူတို့ ၀င်းထဲ ရပ်တယ်။ ခဏနားပြီးတော့ ဆုတောင်းပြည့်ဘုရားနဲ့ တောင်ပြုံးမင်းနှစ်ပါးနန်းဘက်ကို သွားကြတယ်။ အ၀င်ကား၊ အပြန်ကားတွေ ညပ်နေတဲ့ကြား၊ မိုးရွာထားလို့ ရွှံ့ဗွက်တွေ ထနေတဲ့ကြားက လူတွေကြား တိုးဝှေ့ပြီး သွားရတယ်။ ပွဲတော်ရက် အစမို့ ဘယ်နေရာမဆို လွယ်လွယ်ကူကူ ရောက်အောင် သွားနိုင်တယ်။ နောက်ရက်တွေဆို လွယ်မယ် မထင်။ မော်တော်ကားနဲ့စာရင် ဆိုင်ကယ်တွေက ဟိုကြားတိုး၊ ဒီကြားတိုး သွားလို့ ပိုလွယ်တယ်။
အရောင်း အသွက်ဆုံးက ကန်တော့ပွဲအတွက် အုန်သီးနဲ့ ငှက်ပျောသီး။ ပြီးရင် ဗောင်းတော်ဆက်တဲ့ ပုဝါစတွေ ဖြစ်မယ်။ ထိုးမုန့်နဲ့ ကရေကရာသည်တွေကလဲ တစ်တန်းကြီး။ မုန့်သိုင်းခြုံတို့၊ ပုဇွန်ကြော်တို့လို စားစရာတွေလဲ ရှိတယ်။ ဘုရားထဲမှာ အ၀စား ထမင်းတစ်နပ် ၅၀၀နဲ့တောင် ရောင်းနေတာ တွေ့ရတယ်။ အညာလက်ရာ ၀ါးနဲ့လုပ်၊ ကြိမ်နဲပလုပ်တဲ့ အသုံးအဆောင်တွေ ရနိုင်သလို တရားခွေ (ဓါတ်ပြား)၊ ရုပ်ရှင်ဇာတ်လမ်း စီဒီတွေ၊ အ၀တ်အစားတွေ၊ တစ်ထည်ကို တစ်ထောင်လောက်နဲ့ ရောင်းနေတဲ့ လျှော့ဈေး ဈေးသည်တွေလဲ တွေ့ရတယ်။ တောင်ပြုံးအထိမ်းအမှတ် ဖန်စီ ရွှေဆွဲကြိုးတွေ ရောင်းနေတဲ့သူတွေ ကိုယ်တိုင်တော့ တောက်တောက်ပြောင်ပြောင် မရှိလှ။ တောင်ပြုံးအမှတ်တရ စွပ်ကျယ်တွေ၊ ကလေးအ၀တ်အထည်တွေလဲ တွေ့ရတယ်။
တောင်ပြုံးမင်းနှစ်ပါး ဂုံညင်း (ဒိုး) ထိုးခဲ့တဲ့ သင်္ကေတ ဂုံညင်းဒိုး၊ ဒိုးဆံတွေ အပြင် မနှဲလေးနတ်အတွက် ဖိနပ် ပေါက်စနလေးတွေကိုလဲ တွေ့နိုင်တယ်။
ဘယ်သူ ဘာပြောပြော ဒီရောက်လာတဲ့သူ အတော်များများဟာ ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ ရောက်လာကြတဲ့သူတွေပါပဲ။ အပြန်လမ်းမှာ နတ်ပန်းတွေ တဝေေ၀နဲ့ ယုံကြည်စိတ်ချမှုတွေ ပိုတိုးလာပုံ ရရဲ့။
တောင်ပြုံး အသွား ကားလမ်းဘေးမှာ စိမ်းစိုနေတဲ့ လယ်ခင်းတွေ၊ အဝေးက ရှမ်းတောင်တန်းတွေ၊ ၀င်းမှည့်နေတဲ့ စပါးခင်းတွေ၊ လမ်းဘေးက ထန်းပင်လှလှတွေကို အာရုံရောက်နိုင်တဲ့သူတော့ သိပ်များများစားစား ရှိမယ် မထင်။ ဒေသခံတွေ အတွက်ကတော့ တစ်ရက်ကို သိန်းချီပြီး ၀င်ငွေ ရှိတဲ့သူတွေက အစ အနိမ့်ဆုံး သောင်းဂဏန်းအထိပါ ၀င်ငွေ ရကြတာဆိုတော့ သူတို့အတွက် ဘိုးတော်ညီနောင်ဆိုတာ တကယ် “မစ”တဲ့ ပုဂ္ဂိုလ်တွေပါ။
နည်းနည်းထော်လော်ကန့်လန့် နိုင်တဲ့ ကိစ္စကတော့ ၀က်တွေ၊ ၀က်သားတွေကို မုန်းတဲ့ ကိုယ်တော်ကြီးနှစ်ပါးရဲ့ ပိုင်နက်မှာ ၀က်သား အလွန်ကြိုက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ကြက်တွေ၊ ငါးတွေ မွေးမြူရေး လုပ်ငန်းတွေက အခန့်အထည် ရပ်တည်နေနိုင်တာပါ။ သူတို့ကတော့ ပွဲတော်ရက်တွေ၊ ပိုက်ဆံကျဲပါဗျို့တွေ စိတ်ဝင်စားမယ် မထင်။
မန္တလေးက အိမ်ဈေး၊ မြေဈေးတွေ တက်တာ၊ အဲဒီက ဆင့်ပွား အကျိုးသက်ရောက်မှုတွေ ရတာဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက်အိမ်က ကိုယ်တော်လေး နှစ်ပါးရဲ့ အမျိုးအနွယ်တွေနဲ့ မဆိုင်ပဲ အရှေ့ဘက်အိမ်က ၀င်လာတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆိုင်မယ် ထင်ပါရဲ့။
မန္တလေးရဲ့ အနောက်ဘက်နဲ့ အရှေ့ဘက် ကုန်သွယ်မှုမှာ အရှေ့ဘက်ခြမ်းက တရားဝင်ရော၊ တရားမ၀င် ကုန်သွယ်မှုတွေပါ အနောက်ဘက်ခြမ်းထဲ ပိုပြီး မြင့်မယ် ထင်ပါတယ်။
တကယ်လို့ မန္တလေးနဲ့ မြန်မာ စီးပွားရေးကို ဟိုတုန်းက အနောက်ဘက်က ၀င်လာတဲ့သူတွေက လွှမ်းမိုးနိုင်တယ်ဆိုရင် အခု ဘယ်လောက် လွှမ်းမိုးနိုင်သလဲ။ နှစ်ပေါင်းများစွာ အနောက်ဘက်က ၀င်လာတဲ့သူတွေနဲ့ ပြဿနာ မဖြစ်ခဲ့ကြသလို အရှေ့ဘက်က လူတွေနဲ့လဲ တရင်းတနှီး ဆက်ဆံခဲ့ကြတာ မဟုတ်လား။ နောက်မှ ၀င်လာတဲ့သူတွေနဲ့ ရှေ့က ၀င်တဲ့သူတွေ ဘယ်လို ခြားနားကြသလဲ။ ဘယ်လို ကုန်သွယ်ရေးတွေ လုပ်နေကြသလဲ?
တောင်ပြုံးမှာ ရောက်နေတုန်း ထူးဆန်းတာ တစ်ခုက ကိုယ့်ကိုလဲ ဘယ်သူမှ ဖုန်းခေါ်လို့ မရ၊ ကိုယ်ကလဲ ဘယ်သူ့မှ ဆက်သွယ်လို့ မရ။ ဒါပေမယ့် အင်တာနက် ဖွင့်ကြည့်ပြီး အပြန်အလှန် သတင်းစကားတွေ ပို့ကြရင်းနဲ့ အဆက်အသွယ် မပြတ်ပါဘူး။ တယ်လီဖုန်း ဆက်မရပေမယ့် အင်တာနက် သုံးလို့ ရနေတာဟာ အနောက်ဘက်က လာတဲ့သူတွေရဲ့ ကျေးဇူးလား၊ အရှေ့ဘက်က လာတဲ့သူတွေရဲ့ ကျေးဖူးလား ဆိုင်၊ မဆိုင် မပြောတတ်ပေမယ့် အတွေးခေါင်ခဲ့မိကြောင်းပါ။ သူတို့က ကျွန်တော်တို့ကို ပိုက်ဆံကျဲမှာလား၊ ကျွန်တော်တို့က သူတို့ကို ပိုက်ဆံကျဲမှာလား?
Credit to : (sayar) ခင်မောင်ညို (ဘောဂဗေဒ)

No comments:

Post a Comment